မြန်မာပြည်သူတွေကို သစ္စာမဖောက်ဖို့ အိန္ဒိယ ဗဟိုအစိုးရကို မီဇိုရမ်ဝန်ကြီးချုပ်သတိပေး

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga။

အိန္ဒိယအနေနဲ့ မြန်မာပြည်သူတွေအပေါ် သစ္စာမဖောက်သင့်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က တနင်္လာနေ့က သတိပေးပြောကြားလိုက်ပါတယ်။

စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် ဘေးလွတ်ရာထွက်ပြေးခိုလှုံဖို့ မြန်မာပြည်သူတွေအတွက် အိန္ဒိယရဲ့ အကူအညီအလွန်အရေးတကြီးလိုအပ်နေချိန်မှာ အိန္ဒိယအစိုးရအနေနဲ့ ဆန့်ကျင် ငြင်းပယ်တာမျိုး မလုပ်သင့်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga က ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ အခုလိုပြောသွားပါတယ်။

”ဒါကြောင့် သူတို့ လိုအပ်နေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံသာလျှင် သူတို့ရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ လိုအပ်နေတဲ့အချိန်မှာကျနော်တို့ သူတို့အပေါ် သစ္စာမဖောက်သင့်ပါဘူး။ တကယ်လို့ ကျနော်တို့ သူတို့ကို သစ္စာဖောက်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် သူတို့လိုအပ်နေတဲ့အချိန်မှာ ကျနော်တို့က လက်မခံနိုင်ဘူးဆိုရင် မြန်မာပြည်သူတွေရဲ့ စိတ်ဓါတ်ကို အကြီးအကျယ် ထိခိုက်စေပါလိမ့်မယ်။ ဒီလို စိတ်နာကြည်းထိခိုက်မယ့်အခြေအနေကို ပျောက်ကွယ်ဖို့ဆိုရင် ဆယ်စုနှစ်ပေါင်းများစွာကြာပါလိမ့်မယ်။ ဒါကြောင့် အိန္ဒိယထဲကို ဝင်လာဖို့အတွက် မြန်မာပြည်သူတွေရဲ့ မေတ္တာရပ်ခံတောင်းဆိုချက်တွေကို အိန္ဒိယအစိုးရအနေနဲ့ ဆန့်ကျင်ဖို့ ဒါမှမဟုတ် ငြင်းပယ်ဖို့ မသင့်ပါဘူး။"

လက်ရှိမှာလည်း သူ့ရဲ့အထူးကိုယ်စားလှယ်အဖွဲ့ကို မြို့တော် နယူးဒေလီကို စေလွှတ်ထားပြီး မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်တဲ့ မူဝါဒကို ပြောင်းလဲဖို့ အိန္ဒိယအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Zoramthanga ကပြောပါတယ်။ ဒါအပြင် တနင်္ဂနွေနေ့ က CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီရဲ့ ယာယီအစိုးရအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ သူရဲ့ တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ နိုင်ငံရေးပါတီနဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီအပေါ် အထင်ကြီးလေးစားစရာဖြစ်စေသလို၊ မြန်မာပြည်သူတွေနဲ့ မီဇိုပြည်သူတွေကြား ပိုမိုနားလည်မှုရရှိစေခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာ လက်ခံထားတဲ့ မြန်မာဒုက္ခသည် ၆၀၀ နီးပါးရှိနေပြီး အိန္ဒိယ-မြန်မာ နယ်စပ်ကနေ နေ့စဉ်လို ဒုက္ခသည်တွေ ဝင်ရောက်လာနေဆဲဖြစ်တယ်လို့လည်း သူကပြောပါတယ်။ ဒုက္ခသည်အများစုဟာ မြန်မာရဲဝန်ထမ်းတွေဖြစ်တယ်လို့ မီဇိုရမ်လွှတ်တော်အမတ် K. Vanlalvena က ပြီးခဲ့တဲ့ သတင်းပတ်အတွင်း အိန္ဒိယလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် အိန္ဒိယနယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသူတွေကို လက်မခံဖို့၊ ဒါမှမဟုတ် ပြန်နှင်ထုတ်ဖို့ အိန္ဒိယ ဗဟိုအစိုးရက မြန်မာနဲ့ ထိစပ်နေတဲ့ မီဇိုရမ် အပါအဝင် ပြည်နယ်သုံးခုကို ညွှန်ကြားချက် ထုတ်ပြန်ထားတာပါ။

မြန်မာဒုက္ခသည်တွေအရေး မတ်လ ၁၈ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီကို ပေးပို့ခဲ့တဲ့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Zoramthanga ရဲ့စာမှာတော့ ဒုက္ခသည်တွေပြန်ပို့ရေးကိစ္စကို မီဇိုရမ်အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။


အင်ကြင်းနိုင်/ VOA Burmese

https://burmese.voanews.com/a/mizoram-pm-warns-indian-central-government-not-to-betray-burmese-people/5823860.html

မြန်မာပြည်သူတွေကို သစ္စာမဖောက်ဖို့ အိန္ဒိယ ဗဟိုအစိုးရကို မီဇိုရမ်ဝန်ကြီးချုပ်သတိပေး မြန်မာပြည်သူတွေကို သစ္စာမဖောက်ဖို့ အိန္ဒိယ ဗဟိုအစိုးရကို မီဇိုရမ်ဝန်ကြီးချုပ်သတိပေး Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.