ကလေးမြို့ ဗုဒ္ဓဟူးနေ့ဖြိုခွဲမှုကနေ သေဆုံးသူ ၇ ဦးရှိပြီ

မတ်လ ၁၇ ရက်နေ့ ကလေးမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှု မြင်ကွင်း။ (မတ် ၁၇၊ ၂၀၂၁)

နိုင်ငံတစ်ဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် သေဆုံးသူတွေ ရာချီရှိနေပေမဲ့ ဆန္ဒပြသူတွေကတော့ ပုံမှန်အတိုင်း ဆက်လက် ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။ မုံရွာမြို့က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ သစ်တောအရာရှိ သေဆုံးခဲ့တာအပါအဝင် မနေ့က ကလေးမြို့မှာ သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွဲခံရပြီးတဲ့နောက် သေဆုံးသူအရေအတွက် တိုးလာပါတယ်။ ရန်ကုန်က ရရှိတဲ့သတင်းကို မဆုမွန်က ပြောပြထားပါတယ်။

ကလေးမြို့မှာ မနေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လက်နက်ကိုင်တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးသူတွေ ရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူတွေထဲ ဒီကနေ့ ထပ်မံသေဆုံးသူတွေလည်း ရှိနေပါတယ်။

မနေ့က အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် သေဆုံးသူ ၇ ဦးအထိရှိနေပြီး သေဆုံးသူထဲက ၄ ဦးကတော့ စစ်ဆေးရုံမှာပဲ ရှိနေသေးတယ်လို့ မနေ့က ဆန္ဒပြပွဲမှာ ပါဝင်သူတစ်ဦးက ပြောပြပါတယ်။

“မနေ့က ၃ ယောက် ဒီနေ့က ထပ်တိုး ၄ ယောက်ဆိုတော့ မနေ့က သူတို့ပစ်တဲ့ထဲမှာ စုစုပေါင်း အကုန်လုံးကျဆုံးတာကတော့ ၇ ယောက်ပေါ့နှော်။ မနေ့က ၃ ယောက်ကျတော့ ကျနော်တို့ဒီ ပြည်သူတို့က ယူလို့ရလိုက်တာပေါ့။ ကျန်တဲ့ ၄ လောင်းကိုကျတော့ စစ်တပ်က ကားနဲ့တင်သွားတယ်လို့ ဘေးနားက မျက်မြင်တွေကပြောတယ်ဗျ။ ဒီနေ့မှာလည်း ကျွန်တော်တို့ စစ်ကြောင်းက မရပ်ဘူးခင်ဗျ။ အရှေ့စစ်ကြောင်း တစ်ကြောင်းနှင့် အနောက်စစ်ကြောင်း တစ်ကြောင်းဆိုပြီးတော့ နှစ်ကြောင်းပြန်ထွက်တယ်ဗျ ဒီနေ့။ ကျနော်တို့က ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို သူတို့က ဒီစက်သေနတ်ကြီးတွေနဲ့ ဘာနဲ့ ပစ်တဲ့အခါကျတော့ စိတ်ထဲမှာတော့ ဒီဟာကို မခံမရပ်နိုင်ဖြစ်ပြီးတော့ စိတ်တော့ မကောင်းဘူး။ သူတို့ရဲ့ လုပ်ရပ်ကို လူငယ်တွေအနေနဲ့ အရမ်းကို ရှုတ်ချပါတယ်။”

မနေ့က အကြမ်းဖက် ဖြိုခွဲခံရတဲ့ ကလေးမြို့သပိတ်စစ်ကြောင်းကို ချင်းပြည်နယ်က လူငယ်တွေကလည်း ပါဝင်အားဖြည့်ပေးကြပါတယ်။ ကလေးမြို့သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွဲခံရမှုကြောင့် သေဆုံးသူတွေထဲမှာ ချင်းလူငယ်တွေလည်း ပါဝင်ပါတယ်။ မနေ့က ကျဆုံးသူ တချို့ ဒီကနေ့ စျာပန ပြုလုပ် သဂြိင်္ုလ်ပါတယ်။

မတ်လ ၁၅ ရက်နေ့က CDM မှာပါဝင်တဲ့ ယင်းမာပင်မြို့ သစ်တောဦးစီးဌာနက တောခေါင်း ကိုထွန်းထက်အောင် လက်နက်ကိုင်တပ်ဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဦးခေါင်းမှာ ဒဏ်ရာရပြီး ဒီနေ့မနက်မှာ မန္တလေးဆေးရုံကြီးမှာ သေဆုံးခဲ့တယ်လို့ မုံရွာလူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

“ဖမ်းခံရတာက ၁၅ ရက်နေ့ သပိတ်စစ်ကြောင်းပြီးတော့ လူစုခွဲပြီး ပြန်ကြတဲ့ အချိန်မှာ အဖမ်းခံရတာပေါ့နှော်။ ဖမ်းခံရပြီးတော့ သူ့ကို ရိုက်နှက်တာတွေလုပ်တယ်လို့ ကျနော်တို့ သိရတယ်။ ရိုက်နှက်ပြီးတဲ့အခါ ခေါင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတဲ့အတွက် ပြန်လွတ်ပေးလိုက်တယ်။ မုံရွာ ဆေးရုံကြီးမှာ ကုတယ်။ ခေါင်းမှာ သွေးခဲတာက တော်တော်အခြေအနေဆိုးတဲ့အတွက် မုံရွာမှာ မနိုင်တော့ဘူးဆိုပြီးတော့ မန္တလေးဆေးရုံကြီးကို ထပ်လွဲပါတယ်ခင်ဗျ။ အခု ဒီနေ့မနက်မှာတော့ မန္တလေးဆေးရုံကြီးမှာ ကျဆုံးသွားပြီဆိုတာကို ကျနော်တို့ သိလိုက်ရတာပေါ့နော်။”

မုံရွာမြို့မှာ သပိတ်စစ်ကြောင်းကို လက်နက်ကိုင်တွေက အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာနှင့် ဖမ်းဆီးရိုက် နှက်မှုကြောင့် သေဆုံးသူ ၁၁ ဦးထိရှိပါတယ်။ ကိုထွန်းထက်အောင်က မုံရွာမြို့ရဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ လက်နက်ကိုင်တွေရဲ ညှဉ်းပန်းနှိပ်စက်မှုကြောင့်သေဆုံးခဲ့တဲ့ ပထမဆုံး CDM ဝန်ထမ်းဖြစ်ပါတယ်။

ဒီကနေ့ မုံရွာမြို့ရဲ့ သပိတ်စစ်ကြောင်းတွေ ပုံမှန်အတိုင်းထွက်ခဲ့ကြပါတယ်။ ဒီကနေ့မှာ မုံရွာပညာရေးကောလိပ်မှာ စစ်အင်အား ၁၀၀ ဝန်းကျင်လောက် တပ်လာစွဲထားတယ်လို့ မုံရွာလူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

“ကျနော်တို့လည်း ပုံမှန် စစ်ကြောင်းအတိုင်း ချီတက်ကြတယ်။ သူတို့ဘက်ကလည်း လိုက်ပြီး ဖြိုခွဲဖို့ ကြိုးစားတယ်။ ဒါပေမဲ့ နှစ်ဘက်က ထိပ်တိုက်ဆုံတာမျိုးမရှိဘူး။ အေးအေးဆေးဆေးပဲ သိမ်းလိုက်နိုင်တယ်။ ဒီကနေ့ နည်းနည်း ထူးခြားဖြစ်ရပ်လို့ ပြောရင်တော့ ကျနော်တို့ စစ်ကြောင်းထွက်တဲ့ ရက်ကွက်နဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ပညာရေးကောလိပ်ထဲကို သူတို့ တပ်ဝင်စွဲလိုက်ပြီလို့ ကျနော်တို့ သိထားရတယ်။ အရင်တုန်းက မုံရွာတက္ကသိုလ်နှင့် မုံရွာ စီးပွားရေးတက္ကသိုလ် နှစ်ခုမှာပဲ သူတို့ တပ်စွဲထားတယ်။ အခု ဒီကနေ့ အခြေအနေအရဆိုရင် ပညာရေးကောလိပ်ကိုပါ သူတို့ တပ်ဝင်စွဲလိုက်တဲ့ သဘောမျိုးဖြစ်လာပါတယ်ခင်ဗျ။ အင်အားကတော့ ကျနော်တို့ အကြမ်းဖျဉ်းသိရသလောက်ကတော့ ဒီနေ့ တပ်စွဲတဲ့ဆီမှာဆိုရင် ကျနော်တို့ စစ်ကား၊ ရဲကား ၆ စီးလောက်လို့ ကျနော်တို့ သိရတယ်ပေါ့နော်။ အရေအတွက်က သိပ်အများကြီးတော့ မဟုတ်ဘူး၊ ၁၀၀ ဝန်းကျင်လောက်လို့တော့ သိထားရတယ်ခင်ဗျ။”

မုံရွာမှာ ဆန္ဒပြပွဲတွေကြောင့် ဖမ်းဆီးခံရသူ ၇၀ ဝန်းကျင်ရှိပြီး ဒီကနေ့မှာတော့ ၃၀ ဝန်းကျင် ပြန်လွှတ်ပေးလာတယ်လို့ ဆိုပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရတဲ့ အဲ့ဒီ ဖမ်းဆီးခံရသူ ၃၀ ကို အမှုရုပ်သိမ်းခွင့်ပေးပြီး အပြီးအပြတ်လွှတ်မိန့်ပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မုံရွာခရိုင် ရှေ့နေများကွန်ယက်ကနေ သိရပါတယ်။ မန္တလေးမှာလည်း ဒီကနေ့ ပုံမှန်အတိုင်း ချီတက် ဆန္ဒပြခဲ့ကြပြီး ညနေမှာ သပိတ်စစ်ကြောင်းတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက ပိတ်ဆို့ထားပါတယ်။

ဒီကနေ့ စစ်ကိုင်းမြိုမှာ လူမဲ့သပိတ်၊ ဗန်းမော်မြို့မှာ အသံတိတ်သပိတ်စသဖြင့် နိုင်ငံတစ်ဝန်းက မြို့တိုင်းမှာ ပုံစံမျိုးစုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြပါတယ်။

နိုင်ငံတဝှမ်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ နေ့စဉ်ရှိနေသလို ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲမှုတွေကလည်း နေ့စဉ်ရှိနေပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ သေဆုံးသူတွေ နေ့စဉ်နဲ့အမျှ မြင့်တက်နေပေမဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကတော့ ဆက်လက် အရှိန်ကောင်းနေဆဲဖြစ်ပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/kalay-myanamr-military-coup-protest/5819354.html

ကလေးမြို့ ဗုဒ္ဓဟူးနေ့ဖြိုခွဲမှုကနေ သေဆုံးသူ ၇ ဦးရှိပြီ ကလေးမြို့ ဗုဒ္ဓဟူးနေ့ဖြိုခွဲမှုကနေ သေဆုံးသူ ၇ ဦးရှိပြီ Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.