မြန်မာစစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေပါ ပစ်မှတ်ထားပိတ်ဆို့ဖို့ ဗြိတိန်ဝါရင့်အထက်လွှတ်တော်အမတ် တောင်းဆို


ဗြိတိန်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး စစ်တပ်ခေါင်းဆောင်တွေကိုသာမက စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကိုပါ ပစ်မှတ်ထားတဲ့ ထိမိတဲ့ပိတ်ဆို့မှုတွေ လုပ်ရမယ်ဆိုပြီး ဗြိတိန်သျှ ဝါရင့်အထက်လွှတ်တော်အမတ် ကယ်ရိုလင်း ကောက်စ်က ကုလသမဂ္ဂဆိုင်ရာဗြိတိန်အမြဲတမ်းကိုယ်စားလှယ်ဆီကို စာရေးပို့တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်တပ်အပေါ် လက်ရှိချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေဟာ လက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ မကိုက်ညီတော့တာကြောင့်လို့ ဆိုပါတယ်။ လက်ရှိမှာ တပ်မတော်ရဲ့ အာဏာဆုပ်ကိုင်မှုဟာ ပြီးခဲ့နှစ်တွေအတွင်း မမြင်ဖူးတဲ့အတိုင်းအဆနဲ့တိုးလာနေပြီး ရှမ်းမြောက်၊ ကချင်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်တပ်က ထိုးစစ်ဆင်တာတွေ ဆက်လုပ်နေတာကြောင့် အရပ်သားတွေအစုလိုက်အပြုံလိုက် ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်နေရတယ်လို့ မြေပြင်မှာအကူအညီပေးနေတဲ့အဖွဲ့ဆီက ပြန်ကြားရတယ်လို့ စာထဲမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအပေါ် အကြမ်းဖက်မှု ဆက်ဖြစ်နေတာကို အစိုးရိမ်ကြီး စိုးရိမ်မိတယ်လို့ သူက ပြောပါတယ်။ လက်ရှိ အချိန်အထိ ဗြိတိန်ဟာ ရိုဟင်ဂျာတွေအခွင့်အရေးကို ကာကွယ်ဖို့ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံးကို တင်တဲ့ အမှုကို တရားဝင်ထောက်ခံတာမျိုးမရှိသေးလို့ တပ်မတော်အပေါ် ရှင်းလင်းတဲ့သတင်းစကားပေးဖို့ အရေးကြီးတဲ့အခွင့်အရေး ပျောက်နေတယ်လို့ ဆိုပါတယ်။

ဗြိတိန်အနေနဲ့ စစ်တပ်ထိုးစစ်ဆင်မှုတွေကြောင့် ထိခိုက် ခံစားနေရတဲ့နေရာတွေဆီ လက်နက် ဆက်မရောက်စေလိုတဲ့နိုင်ငံတွေနဲ့ပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာလက်နက်ရောင်းဝယ်မှုကို ပိတ်ပင်နိုင်မယ့် အဆိုပြုချက်တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေဦးဆောင်အဆိုပြုဖို့ လိုတယ်လို့လည်း တောင်းဆိုပါတယ်။

ဒါ့ပြင် တိုင်းရင်းသားပြည်နယ်တွေထဲမှာ ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်နေရတဲ့ပြည်သူတွေကို အကူအညီ တိုက်ရိုက်ပေးနိုင်ဖို့ ဗြိတိန်အနေနဲ့ ရန်ကုန်ကနေပေးတာမျိုးမဟုတ်ဘဲ ပြည်နယ်တိုင်းရင်းသားခေါင်းဆောင်တွေ၊ သူတု့ိရဲ့အလုပ်လုပ်နေတဲ့အဖွဲ့ အစည်းတွေဆီ နယ်စပ်ဖြတ်ကျော်ကူညီဖို့ကိုလည်း အထက်လွှတ်တော်အမတ်က သူ့စာထဲမှာ တိုက်တွန်းထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

မြန်မာစစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေပါ ပစ်မှတ်ထားပိတ်ဆို့ဖို့ ဗြိတိန်ဝါရင့်အထက်လွှတ်တော်အမတ် တောင်းဆို  မြန်မာစစ်တပ်ပိုင်လုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေပါ ပစ်မှတ်ထားပိတ်ဆို့ဖို့ ဗြိတိန်ဝါရင့်အထက်လွှတ်တော်အမတ် တောင်းဆို Reviewed by THITHTOOLWIN on 10:18 Rating: 5

No comments:

Powered by Blogger.