သေနတ်သံလွှမ်းတဲ့ ရန်ကုန်ည

သေနတ်သံလွှမ်းတဲ့ ရန်ကုန်ည

ရန်ကုန်မြို့ မှာတော့ တနင်္ဂနွေ မနေ့ညက နေရာအတော်များများမှာ လုံခြုံရေးတွေက ပစ်ခတ်နှိမ်နှင်းတာတွေ အတော်လေးဖြစ်ပွားခဲ့ပြီး၊ ရန်ကုန်မြို့ဟာ စစ်မြေပြင်တခုလိုဖြစ်နေတယ်လို့ မြိုခံတွေက ပြောပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆေးရုံတချို့ နဲ့ တက္ကသိုလ်တွေကို ဝင်ရောက်နေရာယူ တပ်စွဲခဲ့ပြီး၊ ရန်ကုန် အနောက်ပိုင်းဆေးရုံမှာတော့ ကန့်ကွက်တဲ့ ရပ်ကွက်နေပြည်သူတွေကို ပစ်ခတ်နှိမ်နှင်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြမှာဖြစ်ပါတယ်။

စစ်တပ်ကအာဏာသိမ်းမှုကို နိုင်ငံတဝန်း ကန့်ကွက်ဆန္ဒပြတာတွေ ဆက်ဖြစ်နေချိန်မှာပဲ၊ ရန်ကုန်မှာတော့ မနေ့ညက နေရာ အတော်များများမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ကြည့်မြင်တိုင်မြို့နယ်က အနောက်ပိုင်းဆေးရုံမှာလည်း လုံခြုံရေးတွေ ဝင်ရောက်တပ်စွဲတာကို ရပ်ကွက်နေပြည်သူလူထုတွေက ကန့်ကွက်ခဲ့ကြပြီး၊ ဒါကို လုံခြုံရေးတွေဘက်က ည ၉ နာရီခွဲ လောက်မှာတော့ ပစ်ခတ်နှိမ်နှင်းခဲ့တာကို Facebook လူမှုကွန်ရက်မှာ တင်ထားတဲ့ ဗီဒီယိုတခုမှာ တွေ့ရပါတယ်။

" ... ကျနော်တို့ အနောက်ပိုင်းဆေးရုံကို ဝင်စီးပြီး ဝင်ဆွဲ နေကြပါတယ် ။ လမ်းထဲထိ ဝင်ပစ်နေပါတယ်။ ရဲတွေ အင်အား အများကြီးပါ .... "

မြောက်ဥက္ကလာမြို့နယ်က ဝေဘာဂီဆေးရုံမှာလည်း လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်နေရာယူတာကို ရပ်ကွက်နေပြည်သူတွေက ဝိုင်းကန့်ကန့်ကွက်ခဲ့ပြီး၊ ည ၉ နာရီ လောက် အသံဗုံးတွေ၊ မီးခိုးဗုံးတွေအပြင် တကယ် ကျည်အစစ်တွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ မြောက်ဥက္ကလာမြို့နယ်မှာနေထိုင်တဲ့ ကိုအောင်မျိုးက ဗိအိုအေကို ပြောပါတယ်။

" ဝေဘာဂီ ၆ ရပ်ကွက် ဓမ္မသုခ လမ်းထိပ်မှာ ဖြစ်သွားတာပါ။ ဖြတ်သွားတဲ့ လုံခြုံရေးစစ်ကားတွေက ပစ်သွားတာပါခင်ဗျ။ ၉ နာရီလောက်က ဖြစ်သွားတာ။ ၈ နာရီကျော်ကတည်းက အိမ်ပြင်မှာ လူမရှိဘူးခင်ဗျ။ သူတို့ကိုလည်း ဘာမှ ရန်စတာမျိုးလည်း မရှိပဲနဲ့ သက်သက်မဲ့ကို ၇ ချက်ပစ်သွားတယ်လို့ အဲဒီဘက်က ကျနော့်ကို လှမ်းပြောတယ်ခင်ဗျ။ "

ဒါ့အပြင် တာမွေမြို့နယ် ကျောက်မြောင်း ၊ သင်္ကင်္န်းကျွန်း၊ တောင်ဥက္ကလာ၊ ဒေါပုံ၊ မရမ်းကုန်း လှိုင်၊ ရန်ကင်း ၊ ဗဟန်း ရွှေပြည်သာမြို့နယ်တွေ အပါအဝင် ရန်ကုန်မြို့ နေရာ အတော်များများမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး လမ်းမတော်မှာ နေထိုင်သူတဦးက အခုလို ပြောပါတယ်။

" အသံဗုံးသံကို အရင်ကြားရတာ။ ကြားတော့ာ မီးတွေမှိတ်လိုက်တယ်ပေါ့။ ကင်းသမားတွေ ဘာတွေကလည်း ရှိတော့ သူတို့လည်း အမှောင်ထဲကနေ စောင့်ကြည့်နေတာပေါ့။ ကျမတို့က ၃ လမ်း ၊ သူတို့က ၁၁ လမ်းမှာနေတဲ့သူတွေ သူတို့က လှမ်းပြောတာက ..ကျည်အစစ်နဲ့ ပစ်တော့ ပေါင်ကို ရှပ်ထိသွားတယ်လို့ ပြောတယ်။ "

မနေ့ညက ပစ်ခတ်မှုတွေအတွင်း ထိခိုက်ဒဏ်ရာရသူ ဘယ်လောက်ရှိတယ်ဆိုတာကို အခုချိန်ထိ အတိအကျမသိရသေးပါဘူး။ ဒီလို ပစ်ခတ်မှုတွေကြောင့် မြို့ခံတွေဟာ စိုးရိမ်နေကြပြီး ၊ လက်ရှိရန်ကုန်မြို့ရဲ့ လက်ရှိဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တာမွေမြို့နယ် ကျောက်မြောင်း မှာ နေထိုင်သူတဦးကတော့ ဗီအိုအေကို အခုလို ပြောပါတယ်။

" အခုအနေအထားက ညပိုင်း ၉ နာရီဆိုရင် ရန်ကုန်မြို့က စစ်မြေပြင်လို အနေအထားဖြစ်နေတယ်။ လမ်းတိုင်းကို ဝင်ဝင်ပြီးတော့ အသံဗုံးတွေ သေနတ်တွေနဲ့ ဒလစပ် ပစ်သွားတယ်။ ကျနော်တို့ ကျောက်မြောင်းဖက်မှာလည်း ဒီကောင်တွေ အဲဒီလိုပဲ လုပ်သွားတာ တွေ့ရတယ်။ ဆိုတော့ အိမ်တိုင်းကတော့ မီးတွေ မှိတ်ပြီးတော့ စောင့်ကြည့်နေရတဲ့ အနေအထားပဲ ဖြစ်နေတာပေါ့။ ကြည့်ရတာ ဒီကောင်တွေက လူထုကို အကြောက်တရား သွင်းတာနဲ့တူတယ်။ "

လုံခြုံရေးအာဏာပိုင်တွေဟာ ဆန္ဒပြတဲ့သူတွေကို ဖမ်းဆီးနှိမ်နှင်းတာ တွေလုပ်နေတဲ့တချိန်တည်းမှာပဲ၊ အခုရက်ပိုင်းတွေအတွင်း အုပ်ချုပ်ရေးမှူးရုံးတွေ၊ ဆေးရုံတွေ၊ နဲ့ တက္ကသိုလ်ကျောင်းဝင်းတွေမှာလည်း နေရာယူတပ်စွဲတာတွေ တိုးပြီးလုပ်လာနေပြီး ရန်ကုန်ဆေးရုံးကြီးမှာလည်း ရဲတပ်ဖွဲ့ဝင် ၁၆ ယောက် ဝင်ရောက်နေရာယူထားတာတွေရှိတယ်လို့ အမည်မဖော်လိုတဲ့ ဆရာဝန်တဦးက ပြောပါတယ်။

အနောက်ပိုင်း ဆေးရုံဝင်းထဲ ဝင်ရောက်ပစ်ခတ်နေသည့် တပ်ဖွဲ့ဝင်များ

မုံရွာမှာဆိုရင်လည်း တိုင်းရဲတပ်ဖွဲ့က မုံရွာတက္ကသိုလ်ထဲမှာ ဝင်ရောက်နေရာယူတာကြောင့် ဆရာ၊ ဆရာမတွေ နဲ့ မြို့ခံလူထုက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပြီး မုံရွာတက္ကသိုလ်ကကျောင်းဆရာတဦးက ဗီအိုအေပြောပါတယ်။

" တက္ကသိုလ်ထဲမှာ နေထိုင်တဲ့ ဝန်ထမ်းတွေပေါ့၊ သူတို့က နေပြီးတော့ တက္ကသိုလ်ထဲမှာ အခုလို ရဲတွေ ရောက်နေတာကို သူတို့ မကြိုက်ဘူးပေါ့။ အထူးသဖြင့်တော့ ဝန်ထမ်းတွေကို ဖမ်းဆီးတာတွေ လုပ်လာနိုင်တယ်ပေါ့။ ခု သိတဲ့အတိုင်းပဲ CDM ကိစ္စတွေလည်း ရှိတယ်လေ။ အဲဒီအခါကျတော့ ဒါတွေကို ဖိနှိပ်ဖို့အတွက် တက္ကသိုလ်ထဲလာပြီး တပ်စွဲတာလားပေါ့။ အဲဒီသဘောနဲ့ ဝန်ထမ်းတွေက ကြောက်ကြတယ်ပေါ့။ ကြောက်ကြတဲ့အတွက် ဒီလိုကြီးတော့ နေလို့ အဆင်မပြေနိုင်ဘူးဆိုပြီး ဒီဘက်က ဆရာကိုယ်စားလှယ်တွေက သွားညှိကြတယ်။ လူတွေကလည်း အများကြီး ပါလာတာပေါ့။ ညှိကြရင်းနဲ့ လူတွေပိုများလာတယ်။ ပတ်ဝန်းကျင်ကလူတွေပါ ပါလာတော့ ထောင်ဂဏန်းကျော် ဖြစ်သွားတယ်။ အဲဒီခါကျတော့ သူတို့ဘက်က အရာရှိက ဘာပြောလည်းဆိုတော့ အဲဒါဆိုရင် ကျနော်တို့ ပြန်မယ်ဆိုပြီး ပြန်လစ်သွားကြတယ်။ "

မန္တလေး ဒဟတ်တော ကွန်ပျူတာတက္ကသိုလ်မှာတော့ လုံခြုံရေးတွေ ဝင်ရောက်နေရာယူတပ်စွဲတာတွေကြောင့် ကျောင်းက ဆရာ ဆရာမှာတွေ နဲ့ အနိးတဝိုက်ကဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ နဲ့ ရင်ဆိုင်နေရပါတယ်ခင်ဗျာ။ 


ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/yangon-night-shooting/5805183.html

သေနတ်သံလွှမ်းတဲ့ ရန်ကုန်ည သေနတ်သံလွှမ်းတဲ့ ရန်ကုန်ည Reviewed by THITHTOOLWIN on 07:09 Rating: 5

No comments:

Powered by Blogger.