မြစ်ကြီးနားသပိတ်တွင် ဖမ်းဆီးခံရသူများ၏အမှု အကျဉ်းထောင်တွင်သာ အမှုရင်ဆိုင်ရမည်

မတ် ၂၄ 

မြစ်ကြီးနားမြို့ပေါ် တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပြီး ဖမ်းဆီးခံခဲ့ရသည့် လူငယ် (၇၂) ဦး၏ အမှုနှင့်ပတ်သက်ပြီး ယနေ့ရုံးထုတ်ကို မြို့နယ်တရားရုံးတွင်မဟုတ်ဘဲ မြစ်ကြီးနားမြို့ အကျဉ်းထောင်ရှိ ဓမ္မာရုံတွင် ရုံးထုတ်ခဲ့ကြောင်းသိရသည်။ 

တရားရုံးတွင် ရုံးထုတ်ခြင်းမဟုတ်ဘဲ ထောင်၌ အမှုရင်ဆိုင်မည်ဆိုပါက အမှုသည်နှင့် ရှေ့နေများအတွက်အခက်အခဲများရှိနေသည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့်  တရားလွှတ်တော်ရှေ့နေဦးသက်ထွန်းဦးကပြောသည်။ 

“တရားရုံးမှာ ရုံးထုတ်တယ်ဆိုရင်တော့ တရားရုံးကအချုပ်မှာ အမှုသည်နဲ့ ရှေ့နေနဲ့ တွေ့ခွင့်ရသေးတယ်။ အခုက ထောင်မှာဆိုတော့ ကျွန်တော်တို့ရှေ့နေတွေအပြင် သူ့တို့ မိသားစုတွေလည်း တွေ့ခွင့်မရကြဘူး။ သူတို့ပြောတဲ့အတိုင်း ထောင်မှာပဲအမှုရင်ဆိုင်ရမှာပဲ။” ဟု ဦးသက်ထွန်းဦးကပြောသည်။ 

အဆိုပါလူငယ်(၇၂)ဦးတွင် အယောက် (၄၀)ဦးကို တစ်မှု၊  (၁၁) ဦးကို တစ်မှု နှင့် ကျန် (၂၁) ဦးကို တစ်မှုဖြင့် အဖွဲ့ ခွဲကာ တရားလိုရဲအုပ်ရဲဝင်းထွန်းက မြို့နယ်တရားရုံးတွင် အမှုစွဲတင်ထားကြောင်းသိရသည်။ 

“ကျွန်တော်တို့အဖွဲ့က လိုက်‌ပေးမယ့် လူဦးရေက အခုသိရသလောက်က အယောက် (၃၀) ကျော်လောက်ရှိတယ်။ တစ်ချို့ရှေ့နေမရှိတဲ့ သူတွေကလည်း လိုက်ပေးဆိုရင်လိုက်ပေးမှာပါ။ သူတို့အားလုံးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နဲ့ပဲဖြစ်မှာပါ။ အမှုတွဲက မကူးရသေးဘူး။ ဒီနေ့မှ အမှုတင်တာဆိုတော့။ ကျွန်တော်တို့ကလည်းဒီနေ့ရှေ့နေပါဝါတင်တာ။” ဟု ဦးသက်ထွန်းဦးက ရှင်းပြသည်။ 

၎င်းတို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

မြစ်ကြီးနားသပိတ်တွင် ဖမ်းဆီးခံရသူများ၏အမှု အကျဉ်းထောင်တွင်သာ အမှုရင်ဆိုင်ရမည် မြစ်ကြီးနားသပိတ်တွင် ဖမ်းဆီးခံရသူများ၏အမှု အကျဉ်းထောင်တွင်သာ အမှုရင်ဆိုင်ရမည် Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.