နိုင်ငံခြားကုမ္ပဏီတွေ မြန်မာနဲ့ စီးပွားရေးလုပ်ဆောင်မှုအားလုံး ဆိုင်းငံ့ထားသင့်တယ်လို့ ကုလ ကျွမ်းကျင်သူဟောင်းပြော
အာဏာသိမ်းတာဟာ မြန်မာပြည်သူတွေနဲ့ မြန်မာ့စီးပွားရေးကို ထိခိုက်မယ့်အကြောင်း စစ်တပ်ကို ရှင်းလင်းစွာ အသိပေးဖို့အတွက် နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်နဲ့ လုပ်ကိုင်နေတဲ့ စီးပွားရေးအားလုံးကို ဆိုင်းငံ့ထားသင့်တယ်လို့ အရင်တုန်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်အဖြစ် လုပ်ကိုင်ခဲ့သူ တစ်ယောက်က ပြောကြားကြောင်း ရိုက်တာ သတင်းထဲမှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ် အတွင်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အချက် အလက် ရှာဖွေရေး မစ်ရှင် (fact-finding mission) မှာ ပါဝင်ခဲ့ဖူးတဲ့ ခရစ် ဆီဒိုတီက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်ဆံတာကို ဖြတ်တောက်ဖို့တိုက်တွန်းပြီး၊ ပုဂ္ဂလိကကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတာတွေကိုတော့ ဆက်လက်လုပ်ဆောင်ဖို့ သူက တိုက်တွန်းပါတယ်။
ဒီလိုလုပ်ဆောင်ပေးတာမျိုးက ဖေဖော်ဝါရီ ၁ ရက်မှာ စစ်အာဏာ သိမ်းထားပြီး အဲဒီလုပ်ရပ်အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို သတ်ဖြတ်နှိမ်နင်းနေတဲ့ စစ်အာဏာပိုင်တွေကို ထိခိုက်စေမယ်လို့ မစ္စတာ ဆီဒိုတီက ပြောပါတယ်။
အရင် နှစ် ၅၀ လောက် စစ်အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ အခုအာဏာပြန်သိမ်းတာဖြစ်ကြောင်းနဲ့ ဒီလိုအချိန်မှာ လုပ်ကိုင်နေတဲ့ ဘယ်စီးပွားရေးမဆို အန္တရာယ်နဲ့ ကြုံရနိုင်တယ်လို့လည်း သူက ပြောပါတယ်။
"တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတိုင်း ဒီအခြေအနေမှာ ရပ်ထားသင့်တယ်"လို့ မစ္စတာ ဆီဒိုတီက ပြောပါတယ်။ မြန်မာ့အရေးဆိုင်ရာ အကြံပေးဖို့အတွက် ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးဟောင်းတွေက အဖွဲ့တစ်ခု မတ်လ ၁ ရက်နေ့က ဖွဲ့စည်းထားပြီး သူလည်း အဲဒီအဖွဲ့မှာ ပါဝင်ပါတယ်။
အထည်ချုပ် |
"ဒါဟာ စစ်တပ်အတွက် ရှင်းလင်းတဲ့ သတင်းစကားဖြစ်နိုင်ပြီး သူတို့အနေနဲ့ သူတို့ရဲ့လုပ်ရပ်တွေကို ပြန်စဉ်းစားစေလိမ့်မယ်။ သူတို့လုပ်နေတာက မြန်မာပြည်သူတွေ အကြီးအမားထိခိုက်ပြီး စစ်အာဏာရှင်စနစ်ကို ပြန်သွားနေတာ"လို့ သူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
မြန်မာပြည်မှာ စစ်ကောင်စီက နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်ကို မဲမသမာမှုတွေ ရှိတယ်လို့ဆိုပြီး ပစ်ပယ်ကာ နိုင်ငံ့အာဏာကို သိမ်းထားတာပါ။ ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်လို့ သူတို့ကဆိုနေပေမဲ့ သူတို့အပေါ် အများပြည်သူတို့က အယုံ အကြည်ကင်းမဲ့ကြသလို ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ပေးရေး၊ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရေး တောင်းဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ လအတွင်းက ဂျပန် အဖျော်ယမကာကုမ္ပဏီ Kirin က စစ်တပ်ပိုင် ကုမ္ပဏီနဲ့ ပူးတွဲပြီး စီးပွားရေး လုပ်ဆောင်နေတာကို ရပ်ဆိုင်းထားပြီး၊ သြစတြေးလျ Woodside ရေနံကုမ္ပဏီကလည်း ဆန္ဒပြနေကြသူတွေအပေါ် စစ်တပ်က အကြမ်းဖက် နှိပ်ကွပ်တာတွေများလာတဲ့ နောက်ပိုင်း သူတို့ရဲ့လုပ်ငန်းတွေကို လျှော့ချသွားမယ်လို့ ကြေညာထားပါတယ်။
လှုပ်ရှားတက်ကြွသူတွေကလည်း စစ်တပ်က ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေကို သပိတ်မှောက်ကြဖို့ ဆော်သြနေကြပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ဖို့ကိုတော့ မစ္စတာ ဆီဒိုတီက မတောင်းဆိုပါဘူး၊ အဲဒီလို ကျယ်ပြန့်တဲ့ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ရော၊ ပြန်ရုပ်သိမ်းဖို့ လုပ်ဆောင်ရတာတွေကရော သိပ်ကို အချိန်ယူ ရတယ်လို့ ဆိုပါတယ်။
ဒီလို နိုင်ငံတကာရဲ့ စီးပွားရေးလုပ်ဆောင်မှုတွေ ရပ်ဆိုင်းတာက မြန်မာပြည်သူတွေရဲ့ အလုပ်အကိုင်အသက်မွေးမှုတွေကို မထိခိုက်နိုင်ဘူးလားလို့ သူ့ကိုမေးရာမှာတော့ မစ္စတာ ဆီဒိုတီက "စစ်ဗိုလ်ချုပ်တွေနဲ့ စစ်အာဏာသိမ်းတာက မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးစီးပွားကို ထိခိုက်နေတာဖြစ်တယ်။ ဒီစစ်ခေါင်းဆောင်တွေကို အဲဒီလို ဆက်လုပ်နိုင်အောင် လုပ်ပေးနေတာ၊ အားပေးနေတာကို အခုလိုအချိန်မှာ ရှောင်ဖို့သင့်တာ" လို့ ပြောပါတယ်။
BBC Burmese
No comments:
Post a Comment