အမိန့်အရပစ်တာလား၊ အမိန့်ကိုကျော်ပြီးပစ်တာလား

ဆန္ဒပြသူတဦးအားဖမ်းဆီးထားစဥ်

မတ်လ ၃ ရက်နေ့ ဆန္ဒပြသူတွေကို ပစ်ခတ်မှုမှာ လူ သေဆုံးမှု အများဆုံး ရန်ကုန်နဲ့ မုံရွာမြို့မှာ ဖြစ်ခဲ့ပါတယ်။

သေဆုံးသူဦးရေအတိအကျကို အတည်ပြုဖို့ အခုချိန်မှာ ခက်ခဲနေဆဲဖြစ်ပေမဲ့ အယောက် ၂၀ ဝန်းကျင် ရှိလိမ့်မယ်လို့ လေ့လာသူ အများအပြားက ခန့်မှန်းကြပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ ပစ်ခတ်သေဆုံး

အတိအကျ အတည်မပြုနိုင်သေးပေမဲ့ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတဲ့ သတင်းတွေအရ မြောက်ဥက္ကလာပမှာ ၁၁ ယောက်၊ တောင်ဥက္ကလာပမှာ ၁ ယောက်၊ မန္တလေး ၂ ယောက်၊ မုံရွာမှာ ၅ ယောက်၊ မြင်းခြံမှာ ၁ ယောက်၊ တောင်တွင်းကြီးမှာ ၁ ယောက်၊ စလင်းမှာ ၁ ယောက်၊ မော်လမြိုင်မှာ ၁ ယောက် စသည်ဖြင့် သတင်းတွေ ထွက်ပေါ်နေတဲ့ အပြင် တချို့နေရာတွေမှာ အပြင်းအထန် ဒဏ်ရာရသူတွေဟာ သေမသေ အတည်ပြုဖို့ ခက်ခဲနေတာတွေရှိတဲ့အတွက် သေဆုံးသူဦးရေ ၂၀ ဝန်းကျင် ရှိလိမ့်မယ်လို့ စောင့်ကြည့်လေ့လာသူအများက ခန့်မှန်းထားကြပါတယ်။

မတ်လ ၃ ရက်နေ့ ည ၈ နာရီမှာ ထုတ်လွှင့်သွားတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား MRTV သတင်းကတော့ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်တရက်တည်းမှာတွင် သေဆုံးသူအရေအတွက်ဟာ ၁၅ ယောက်ရှိခဲ့ပါတယ်။ အရင်ရက်များက သေဆုံးသူ ၈ ယောက်ရှိပါတယ်။

ဒါ့ကြောင့် အခုအချိန်ထိ သေဆုံးသူအရေအတွက်ဟာ ၄၀ ကျော်နဲ့ ၅၀ အောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

အခုပစ်ခတ်သတ်ဖြတ်မှုတွေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်သီးစစ်ခေါင်းဆောင်တွေက အမိန့်ပေးနေတယ်လို့ ပြည်သူအများက ယုံကြည်ယူဆထားကြပါတယ်။

လုံခြုံရေးတွေကို ကျည်စစ်မသုံးဖို့ ညွှန်ကြားထားတယ်လို့ဆို

ဒါပေမဲ့ မြန်မာ့အသံရုပ်မြင်သံကြားနဲ့ မြဝတီရုပ်မြင်သံကြားအစီအစဥ်တို့မှာ မတ်လ ၁ ရက်နေ့ ည ၈ နာရီက ထုတ်ပြန်ကြေညာသွားရာမှာတော့ ဆန္ဒပြသူတွေကို ကျည်အစစ်နဲ့ မပစ်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ကြေညာချက်အတိအကျကဒီလိုပါ။

“လူစုလူဝေးကိုင်တွယ်ထိန်းသိမ်းနည်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျည်စစ်ကျည်မှန်အသုံးမပြုရန် ညွှန်ကြားထားရှိပါသည်။ တာဝန်ထမ်းဆောင်စဥ် မိမိနှင့်လူထု၏အသက်အန္တရာယ်များကို ထိခိုက်လာနိုင်သည့်အခြေအနေတွင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်အနေဖြင့် အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များကို ရန်ပြုလာသူများ၏ခါးအောက်ပိုင်းကိုသာ ပစ်ခတ်နိုင်ရေးဆောင်ရွက်ရန် ဖြစ်ပါသည်။”

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဥ်ကရော မြဝတီရုပ်မြင်သံကြားအစီအစဥ်တို့ကပါ အဲဒီသတင်းကို ထုတ်ပြန်ကြေညာသွားပေမဲ့ ထူးခြားတာက နှစ်ခုစလုံးမှာ အဲဒီအမိန့်ကို ညွှန်ကြားသူဟာ ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်းလဲဆိုတဲ့ ကတ္တားပုဒ်ပျောက်ကွယ်နေတာကို တွေ့ရပါတယ်။

ပြည်သူအများကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်ထိပ်သီးခေါင်းဆောင်တွေ ဒါမှမဟုတ် နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီက ညွှန်ကြားတာလို့သာ ယုံကြည်ယူဆထားကြပါတယ်။

ကြေညာချက်ကို ဆန်းစစ်ကြည့်ရင် ၁ ကျည်စစ်ကျည်မှန်အသုံးမပြုရ။ ၂ မိမိနဲ့လူထုရဲ့ အသက်အန္တရာယ် ထိခိုက်လာနိုင်မှသာ ကျည်အစစ်မဟုတ်တဲ့ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေကို အသုံးပြုရမယ်။ ၃ ကျည်အစစ်မဟုတ်တဲ့ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေကို အသုံးပြုခဲ့ရင်လည်း ခါးအောက်ပိုင်းကိုသာ ပစ်ခတ်ရမယ်ဆိုတဲ့ အချက် ၃ ချက်ပါ၀င်တာကို တွေ့ရပါတယ်။

ဒါပေမဲ့ အခုလူထုလှုပ်ရှားမှုကာလတလျှောက်လုံးအတွင်း ရဲ၊ စစ်တပ်၊ လုံခြုံရေးအဖွဲ့တွေရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကို ကြည့်ရင် အဲဒီအချက် ၃ ချက်စလုံး တချက်ကိုမှ လိုက်နာကျင့်သုံးမှုမရှိခဲ့တာကို တွေ့မြင်နိုင်ပါတယ်။

ကျည်စစ်ကျည်မှန်အသုံးပြုမှုရှိကြောင်း ဆန္ဒပြသူတွေက သတင်းသမားများကိုပြသနေစဥ်

၁။ ကျည်စစ်ကျည်မှန်အသုံးပြုမှု

ကျည်စစ်ကျည်မှန် အသုံးမပြုဖို့ ညွှန်ကြားထားတယ်လို့ဆိုပေမဲ့ နေရာအနှံ့အပြားမှာ ကျည်စစ်ကျည်မှန် အသုံးပြုခဲ့ကြောင်း ထင်ရှားတဲ့ သက်သေအထောက်အထား အများအပြား ရှိပါတယ်။

တချို့သေဆုံးမှုတွေမှာ ထိမှန်တဲ့ကျည်ဆန်ဟာ ဆရာဝန်ရဲ့ ခွဲစိတ်စစ်ဆေးမှု အဖြေကိုစောင့်ဆိုင်းစရာ မလိုဘဲ ကျည်စစ်ကျည်မှန်ဖြစ်ကြောင်း ထင်ရှားနေပါတယ်။ ကျည်ဆန်ဟာ နောက်ကျောကနေ ရင်ဘတ်အထိ ထုတ်ချင်းခတ်ဖောက်ဝင်မှုမျိုးဟာ ကျည်အစစ်နဲ့ ပစ်ခတ်မှုကလွဲပြီး တခြားဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဆိုင်ကယ်ဦးထုပ်ကိုဖောက်ဝင်ပြီး ဦးခေါင်းထဲနစ်မြုပ်သွားတဲ့ ကျည်ဆန်ဟာလည်း ကျည်အစစ်ဖြစ်ကြောင်း ထင်ရှားပါတယ်။

နေပြည်တော်မှာ သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ဖြစ်စဥ်မှာ ကျည်ဆံဟာ ဆိုင်ကယ်ဦးထုပ်ကို ဖောက်ဝင်ပြီး ဦးခေါင်းထဲ နစ်မြုပ်သွားခဲ့ပါတယ်။ ဆရာဝန်တွေရဲ့ ခွဲစိတ်စစ်ဆေးမှု မပြုလုပ်ခင်ကတည်းက ကျည်အစစ်နဲ့ ပစ်ခတ်ခဲ့ကြောင်း လူအများသိရှိကြပါတယ်။ ဆရာဝန်တွေရဲ့ ခွဲစိပ်စစ်ဆေးမှု အစီရင်ခံစာမှာလည်း သတ္တုကျည်ဆန်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းအစိုးရရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာတော့ စစ်တပ်နဲ့ရဲအဖွဲ့က ပစ်ခတ်တာ မဟုတ်ဘဲ၊ အခြားတနေရာကလာတဲ့ ကျည်ဆန်လို့ ဆိုပါတယ်။ တခြားနေရာက ဘယ်လိုလူက ဝင်ရောက်ပစ်ခတ်သွားတာ ဖြစ်နိုင်တယ်လို့တော့ ထုတ်ဖော်စွပ်စွဲထားတာမျိုး မရှိပါဘူး။

၂။ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ လူထုရဲ့ အသက်အန္တရာယ်ကို ထိခိုက်မှ ဖြိုခွဲရမယ်ဆိုတဲ့အချက်

ဆန္ဒပြသူတွေဟာ လူထုရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်တဲ့ အထောက်အထား အခုထိ မမြင်တွေ့ရသေးပါဘူး။ လူထုရဲ့ အသက်အန္တရာယ်ကို ဘယ်လိုခြိမ်းခြောက်နေကြောင်းလည်း အစိုးရသတင်းတွေမှာ ဖော်ပြစွပ်စွဲတာမျိုး မရှိသေးပါဘူး။

နေရာတချို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဖြစ်စဥ်တွေမှာ ဆန္ဒပြသူတွေ ပြန်လည်ဆုတ်ခွာသွားပြီးမှ နောက်ကျောကနေ လိုက်လံပစ်ခတ်ခဲ့ကြောင်း ဗီဒီယို သက်သေ အထောက်အထားများကို ဘီဘီစီက ရရှိထားပါတယ်။ အဲဒီဖြစ်စဥ်တွေမှာ ဆန္ဒပြသူတွေဟာ လူထုကို အန္တရာယ်ပေးခြိမ်းခြောက်တဲ့ မီးရှို့မှု၊ အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေကို လုပ်ဆောင်တာ မတွေ့ရသလို၊ နောက်ကျောပေး လှည့်ပြန်သွားတာကိုကြည့်ရင် လုံခြုံရေးတပ်ဖွဲ့တွေကို ရန်ပြုတိုက်ခိုက်လိုတဲ့ ဆန္ဒမရှိကြောင်းလည်း ထင်ရှားပါတယ်။

မန္တလေးမြို့ ၃၅ လမ်းပေါ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်က နယ်မြေရှင်းလင်းရေးလုပ်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ၅ ထပ် ၆ ထပ်အမြင့်မှာရှိတဲ့ တိုက်ခန်းတွေဆီကိုပါ ဝှေ့ယမ်းပစ်ခတ်ခဲ့ကြကြောင်း လူမှုကွန်ရက်ဗီဒီယိုတွေထဲမှာ တွေ့မြင်ရပါတယ်။

အဲသလိုနေရာတွေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေဟာ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ လူထုရဲ့ အသက်အန္တရာယ်ကို ထိခိုက်မှ ကာကွယ်တဲ့အနေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေကို အသုံးပြုရမယ်ဆိုတဲ့အချက်နဲ့ ဆန့်ကျင်ကြောင်းလည်း ထင်ရှားပါတယ်။

စနိုက်ပါရိုင်ဖယ်ကိုင်ဆောင်ထားတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တယောက်ကို မန္တလေးမှာတွေ့မြင်ရစဥ်

တချို့နေရာတွေမှာတော့ ဆန္ဒပြသူတွေဟာ ရဲအဖွဲ့ကိုပြန်လည်ခုခံခဲ့ကြတာကို တွေ့ရပါတယ်။ ဥပမာ မတ်လ ၂ ရက်နေ့က ကလေးမြို့မှာ ရဲအဖွဲ့ဟာ ဆန္ဒပြသူလူအုပ်နဲ့ ဒိုင်းချင်းယှဥ်တွန်းရာမှာ လူထုအင်အားကိုမခံနိုင်တဲ့အတွက် လဲပြိုကျပြီး ဆုတ်ခွာသွားခဲ့ရပါတယ်။ ရဲအဖွဲ့ဆုတ်ခွာသွားပြီးနောက်မှ အင်အားပြန်စုလာပြီး သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့ရာမှာ လူအချို့အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူလူငယ်တဦးဟာ မတ်လ ၃ ရက်နေ့က ဆေးရုံမှာကွယ်လွန်သွားခဲ့ပါတယ်။

၃။ ခါးအောက်ပိုင်းကိုသာ ပစ်ရမယ်ဆိုတဲ့အချက်

သေဆုံးမှု အများအပြားမှာ ဦးခေါင်းကို ကျည်ဆံထိမှန်သေဆုံးခဲ့ကြတာကို တွေ့ရပါတယ်။ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်နေရာတွေမှာ ကျည်ဆန်ထိမှန်သေဆုံးကြတာကိုလည်း တွေ့ရပါတယ်။

ဆန္ဒပြသူများဟာ မတ်တပ်ရပ်နေကြသူတွေဖြစ်ကြတဲ့ အတွက် ဦးခေါင်း၊ လည်ပင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်နေရာများမှာ ထိမှန်သေဆုံးကြတာတွေကို ထောက်ရှုရင် ခါးအောက်ပိုင်းကိုသာ ပစ်ခတ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မလိုက်နာကြောင်းလည်း ထင်ရှားပါတယ်။

စနိုက်ပါအသုံးပြုမှု

မြန်မာနိုင်ငံက ဆန္ဒပြမှုတွေမှာ စနိုက်ပါအသုံးပြုပြီး သေသေချာချာ ချိန်ရွယ်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အများအပြား ထွက်ပေါ်ခဲ့ပါတယ်။

စနိုက်ပါလို့ခေါ်တဲ့ လေ့ကျင့်ထားတဲ့ သေနတ်သမားများအသုံးပြုပြီး တမင်သက်သက်သေစေလိုတဲ့ သဘောနဲ့ ချိန်ရွယ်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကြောင်း ဘီဘီစီက အထောက်အထားမပြသနိုင်ပါဘူး။

ဒါပေမဲ့ အဓိကရုဏ်းနှိမ်နင်းရေး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ဟာ မှန်ပြောင်းတပ်ဆင်ထားတဲ့ သေနတ်များကိုင်ဆောင်ထားတာကို နေရာအများအပြားမှာတွေ့ရပါတယ်။ အထပ်မြင့် အဆောက်အဦတွေရဲ့ ခေါင်မိုးတွေပေါ်မှာ မျှော်စင်တွေပေါ်မှာ လုံခြုံရေးအဖွဲ့ဝင်တွေ သေနတ်ကိုင်နေရာယူထားတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ အများအပြားတွေ့မြင်ရပါတယ်။

အမိန့်ကိုကျော်လွန်ပြီးပစ်တာလား

သက်သေအထောက်အထားအများအပြားနဲ့ တိုက်ဆိုင်စစ်ဆေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့လုပ်ဆောင်ချက်ဟာ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီရုပ်မြင်သံကြားတို့မှာ ထုတ်ပြန်ကြေညာသွားတဲ့ ညွှန်ကြားချက်ကို ဆန့်ကျင်ကျော်လွန်ပြုမူခဲ့ကြောင်း အလွန်ထင်ရှားပါတယ်။

ဒါဆိုရင် ရဲနဲ့ စစ်တပ်ဟာ ညွှန်ကြားချက်ကို ကျော်လွန်ပြီး အလွန်အကျွံလုပ်ဆောင်နေကြတာလား၊ ဒါမှမဟုတ် တပ်မတော်ထိပ်သီးခေါင်းဆောင်များနဲ့ စစ်ကောင်စီဟာ ရဲနဲ့ စစ်တပ်ကို အပြစ်ပုံချနေတာလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။ တပ်မတော်ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေမဲ့ တယ်လီဖုန်းခေါ်ဆိုလို့မရခဲ့ပါဘူး။

ကျည်အစစ်အသုံးပြုပစ်ခတ်မှုတွေ မလုပ်ဖို့၊ အင်အားအလွန်အကျွံအသုံးမပြုဖို့ နိုင်ငံတကာက မေတ္တာရပ်ခံမှုတွေ ပြုလုပ်နေကြချိန်မှာ အခုလို တရားဝင်ထုတ်ပြန်ကြေညာတဲ့ ညွှန်ကြားချက်နဲ့ လက်တွေ့ဆောင်ရွက်ချက်တွေအကြား ကြီးကြီးမားမားကွဲလွဲကွာဟချက်တွေ ပေါ်ပေါက်နေတာဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56271868

အမိန့်အရပစ်တာလား၊ အမိန့်ကိုကျော်ပြီးပစ်တာလား  အမိန့်အရပစ်တာလား၊ အမိန့်ကိုကျော်ပြီးပစ်တာလား Reviewed by THITHTOOLWIN on 08:06 Rating: 5

No comments:

Powered by Blogger.