မြိတ်မြို့ အကြမ်းဖက်ဖြိုခွင်းမှု ၆ ဦးသေ

မြိတ်မြို့တွင်ပစ်ခတ်မှု

တနင်္သာရီတိုင်း မြိတ်မြို့မှာ ဆန္ဒပြသူတွေကို ဆက်တိုက်ပစ်ခတ်မှုကြောင့် အနည်းဆုံး ၆ ဦးသေကြေရပြီး ထိခိုက်ဒဏ်ရာရရှိသူ၊ အဖမ်းခံရသူတွေ ရှိသလို မနေ့ညက စစ်ကိုင်းတိုင်၊း တမူးမြို့မှာ ပစ်ခတ်မှုကြောင့် သေဆုံးနဲ့ ဒဏ်ရာရသူရှိခဲ့ပါတယ်။ မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေနဲ့ပတ်သက်လို့ ရန်ကုန်မြို့က ပေးပို့ထားတဲ့သတင်းကိုတော့ ကိုရန်နိုင်က ပြောပြပေးပါမယ်။

ဒီကနေ့ မတ်လ ၂၆ ရက်နေ့ တနင်္သာရီတိုင်း မြိတ်မြို့မှာ ဆန္ဒပြပွဲဖို့ ပြင်ဆင်နေချိန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက လိုက်လံပစ်ခတ် ဖြိုခွင်းရာ အနည်းဆုံး ၆ ဦး သေဆုံးရတယ်လို့ မြိုတ်ဒေသခံ တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ ၆ ယောက်ဖြစ်သွားပြီးလို့။ ဟိုဘက်တွေမှာ ကျနော်တို့ ပိတ်မိနေတဲ့ ကလေးတွေ ဆွဲထုတ်ဖို့ လိုက်လုပ်တာ ဒီကောင်တွေက လူခွဲပြီး လိုက်ပစ်တာ ဘာတွေနဲ့ပစ်လဲ အိမ်စီးကားနဲ့ လိုက်ပစ်တာ ပိုဆိုးတာက အဲ့မီးသတ်ကားတွေ နာရေးကား ကျန်းမာရေးကားလိုပုံစံမျိုးနဲ့ လိုက်ပစ်တာ ပိုဆိုးတာပေါ့ အားလုံး ၆ ယောက်ရှိပြီ။”

မြိတ်မြို့မှာ စစ်တပ်နဲ့ ရဲတွေက မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးပြီး မီးသတ်တံဆိပ်ပါတဲ့ လူနာတင်ယာဉ်တွေကို သိမ်းယူပြီး အဲ့ဒီကားနဲ့

လိုက်လံပစ်ခတ်နေတာလို့ မြိတ်ဒေသခံက ဗွီအိုအေကို ပြောပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်မှုကြောင့် အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူထဲက အစ္စလာမ်ဘာသာဝင် အမျိုးသမီး တစ်ဦးလည်း ပါဝင်ပါတယ်။ သေဆုံးသူရဲ့ အလောင်းတွေကို စစ်တပ်က လုယူသွားတာလည်း ရှိတယ်လို့ ပြောပါတယ်။

လက်နက်ကိုင်တွေဘက်က ဒီကနေ့ နေ့လယ်ပိုင်းကစပြီး ည ၄ နာရီကျော်အထိ ဆက်တိုက်ပစ်ခတ် ပိတ်ဆို့မှုတွေ လုပ်ခဲ့ပြီး ညနေ ၅ နာရီခွဲလောက်မှာ ပြန်ငြိမ်သွားပါတယ်။

ဒီနေ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရှိသူတွေ ဖမ်းဆီးခံရသူတွေ ရှိပေမယ့် ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါအပြင် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှာ မနက်ပိုင်းက ပစ်ခတ်လို့ အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိသလို ရပ်ကွက်နေ သားအဖ နှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ကြက်စားပြင်ရပ်ကွက်မှာပဲ မတ်လ ၂၅ ရက်နေ့ ညမှာလည်း လက်နက်ကိုင်တွေဘက်က ဝင်ရောက်ပစ်ခတ်လို့ အမျိုးသားတစ်ဦး ဒဏ်ရာရှိခဲ့ပါတယ်။

အလာတူး စစ်ကိုင်းတိုင်း တမူးမြို့ပေါ်မှာ မတ်လ ၂၅ ရက်နေ့ ညအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းပစ်ခတ်လို့ တစ်ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာအပြင်းအထန် ရရှိတယ်လို့ တမူးမြို့ခံ ဒေါ်မြတ်နိုးက ပြောပါတယ်။

“ဒဏ်ရာရတဲ့သူ စုစုပေါင်း အဲ့သေဆုံးသူအပါအဝင်ဆို ၈ ဦး၊ သေဆုံးတဲ့ ကိုဖိုးကုလားကြီးကကျတော့ ညာဘက်ရင်ဘတ်ကို ကျည်က ထုတ်ချင်းပေါက်မှန်တာ အဲ့မှာတစ်ခါတည်း သူဆေးရုံရောက်ပြီးတော့ တစ်နာရီကျော်အကြာမှာ သူဆုံးသွားတယ်၊ ကိုနန်းဦးကကျတော့ ခေါင်းရယ်၊ ဆီးခုံရယ်မှန်တာရှင့်။ လက်ရှိလူအကုန်နီးပါးလောက်က စိုးရိမ်ရတယ်။ ဒဏ်ရာလည်း ပြင်းထန်ကြတယ်။ အစ်ကိုတစ်ယောက်ဆို ပေါင်နှစ်ဖက်လုံးကို ကျည်ထိထားတယ်။ နောက်အစ်ကိုတစ်ယောက်က ဘယ်ဘက်ကို ညှပ်ရိုးကြားပေါ့နော်၊ လက်နဲ့နံရိုးကြားကို ကျည်ကဝင်သွားတဲ့သဘောရှိတယ် တခြားလူတွေလည်း အသီးသီးပြင်းထန်ဒဏ်ရာရတယ်။”

ပစ်ခတ်မှုကြောင့် ညာဘက်ရင်ဘတ် ကျည်ထိမှန် သေဆုံးခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ကိုမျိုးမြင့်အောင်(ခ) ကိုဖိုးကုလားဟာ ဒီကနေ့ မွန်းလွဲပိုင်းမှာ စျာပနပြုလုပ်ခဲ့ပါတယ်။

ဦးခေါင်းနဲ့ ဆီးခုံ ကျည်ထိမှန် ဒဏ်ရာရထားသူ ကိုနန်းဦးကတော့ ဒီမနက်မှာ ကျဆုံးပြီးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲ့ဒီ ကိုနန်းဦးကတော့ မကျဆုံးသေဘဲ စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ တမူးမြို့ခံ ဒေါ်မြတ်နိုးကပြောပါတယ်။

သေနတ်ကျည်ထိမှန် ဒဏ်ရာရှိသူများကို ကလေးဆေးရုံသို့ ပို့ဆောင်ခဲ့ပေမယ့် တမူးမြို့အထွက် လေးမိုင်ဂိတ်မှာ စစ်တပ်က တပ်စွဲထားပြီး လူနာတင်ယာဉ်ကို ပေးမဖြတ်တာကြောင့် ကိုနန်းဦးအပါအဝင် ဒဏ်ရာအပြင်းထန်ဆုံး သုံးဦးကိုတော့ အိန္ဒိယဘက်ခြမ်းက ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ပြောပါတယ်။

သပိတ်စစ်ကြောင်းက ကျောင်းသားခေါင်းဆောင်တွေတမူးမြို့မစျေးနားက ရွှေဆိုင်အိမ်တစ်အိမ်မှာ ပုန်းခိုနေတယ်ဆိုပြီးမနေ့ည ၁၁ နာရီကျော် လက်နက်ကိုင်တွေက အင်အားအပြည့်နဲ့ အိမ်ကို ဝိုင်ပြီး အိမ်တံခါးဖွင့်ပေးခိုင်းတာပါ။ အိမ်ရှင်က တံခါးမဖွင့်ပေးဘဲ အနီးနားကလူကို ဆက်သွယ်လိုက်လို့ ပြည်သူတွေက လာရောက်ဝန်ရံခဲ့ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့တွေ ပြန်လှည့်ပြီး အပြန်လမ်းမှာ ကျည်အစစ်နဲ့ ပစ်ခတ်မှုတွေ လုပ်ခဲ့တာပါ။

ဆန္ဒပြမှုတွေကို ရက်ရက်စက်စက် ပစ်ခတ်တာတွေ ဖမ်းဆီးရိုက်နှက်မှုတွေ ဆက်တိုက်ရှိနေပေမယ့် မြို့နယ်အသီးသီးမှာ လူမဲ့သပိတ်၊ ညသပိတ်၊ အရုဏ်ဦးသပိတ်၊ လမ်းလျှောက်သပိတ် စတဲ့ သပိတ်မျိုးစုံ ဆက်လက် ဆန္ဒထုတ်ဖော်နေကြဆဲပါ။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/peaceful-protest-cracked-down-6-peoples/5829719.html

မြိတ်မြို့ အကြမ်းဖက်ဖြိုခွင်းမှု ၆ ဦးသေ မြိတ်မြို့ အကြမ်းဖက်ဖြိုခွင်းမှု ၆ ဦးသေ Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.