မြန်မာနိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်များ ကန် ယာယီရပ်ဆိုင်း



Share/Bookmark
အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာအထူးသံတမန် Katherine Tai။

၂၀၁၃ ခုနှစ် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်သဘောတူညီချက် TIFA အရ မြန်မာနိုင်ငံနဲ့ ရှိထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အားလုံးကို အမေရိကန်ပြည်ထောင်စုက ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီနည်းကျအစိုးရတရပ် မတက်လာမချင်း ဒီ ဆိုင်းငံ့မိန့်ကို တည်ရှိနေမှာဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်ရေးဆိုင်ရာအထူးသံတမန် Katherine Tai က အခု တနင်္လာနေ့မှာ ကြေညာချက်ထုတ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးမှုနဲ့ ပြုပြင်ပြောင်းလဲရေးမှာ အခြေခံကျတဲ့ ဒီမိုကရေစီနည်းကျအစိုးရ ပြန်အာဏာရစေဖို့အတွက် မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းချက်ကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံတယ်လို့လည်း သူ့ ကြေညာချက်မှာဖော်ပြပါတယ်။ အရပ်သားတွေကို ရက်ရက်စက်စက်အကြမ်းဖက်တဲ့ မြန်မာလုံခြုံရေးတပ်တွေရဲ့ လုပ်ရပ်ကို ပြစ်တင်ဝေဖန်လိုက်ပြီး ငြိမ်းချမ်းတဲ့ဆန္ဒပြသူတွေကို သတ်ဖြတ်နေတာတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို တုန်လှုပ်စေတယ်လို့လည်း သံအမတ်ကြီး Katherine Tai က ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ရထားတဲ့ ၂၀၁၃ ခုနှစ် ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှု မူဘောင်သဘောတူညီချက်ဟာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတိုးမြှင့်ဖို့ ရည်ရွယ်ထားတာပါ။ အဲဒီအထဲမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာကုန်သွယ်မှုစနစ်ထဲ ဝင်နိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စု အကူအညီပေးမယ်ဆိုတာတွေ ပါဝင်ပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း အလုပ်သမားအခွင့်အရေးနဲ့ ကျန်လုပ်ငန်းခွင်အခွင့်အရေးတွေကို တိုးမြှင့်ဆောင်ရွက်ပေးရမှဖြစ်ပါတယ်။

အခုလို အရေးယူမှုကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံကို GSP ကုန်သွယ်ရေးအထူးအခွင့်အရေးပေးမှု စဉ်းစားနေတဲ့အပေါ်မှာပါ သက်ရောက်မှုရှိပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု အကြမ်းဖက်ဖိနှိပ်ခံရတဲ့နောက်၊ ၁၉၈၉ ခုနှစ် အမေရိကန်အနေနဲ့ မြန်မာနိုင်ငံအပေါ် GSP အခွင့်အလမ်း ရုပ်သိမ်းထားတာဖြစ်ပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-coup-and-us-trade/5832424.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ