မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ၊ ကေအန်ယူတို့တိုက်ပွဲတွေဖြစ်ပွား

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ (၂၀၁၁ ခုနှစ်)

ဖားကန့်နမ့်မှော်ကျေးရွာအနီး မြန်မာ့တပ်မတော်လက်အောက်ရှိ ရဲစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၁၈ ရက်မနက် ၃ နာရီ ၄ နာရီအချိန်လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းကို KIA ကချင်လွတ်လပ်ရေးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို အတည်ပြုပြောကြားပါတယ်။ နေ့ခင်းအချိန်အထိ လက်နက်ကြီးပစ်ခတ်သံတွေကြားကြောင်း ပြည်သူလူထုကပြောဆိုကြတွေရှိတယ်လို့လည်း ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ တပ်ဖွဲ့ဟာ အခုလောလောဆယ် ရက်ပိုင်းတွေအတွင်း ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ မြန်မာ့တပ်မတော်တပ်စခန်းတွေနဲ့ သူတို့လက်အောက်ခံ ပြည်သူ့စစ်တွေ၊ ရဲတပ်ရင်းတွေကို တိုက်ခိုက်နေတယ်လို့ KNG Kachin News Group ကရေးသားထားပါတယ်။

မတ်လ ၁၈ ရက်နေ့မှာပဲ နေ့လယ် ၁ နာရီဝန်းကျင်လောက်က ဖားကန့်၊ ဆိပ်မူသွားတဲ့ လမ်းမကြီးဘေး၊ ယူမာကျေးရွာအနီးမှာ လက်လုပ်အဝေးထိန်းမိုင်းတစ်လုံးပေါက်ကွဲခဲ့တယ်လို့လည်း KNG Kachin News Group ကရေးသားထားပါတယ်။

KIA တပ်မဟာ ၉ နယ်မြေအတွင်းမှာရှိတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ၊ ကျောင်းဝင်းတွေအထဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့တွေစစ်ကြောင်းတွေကို ဘယ်လိုအကြောင်းကြောင့်မှ နားနေ စခန်းချခွင့်မပြုဖို့၊ အိမ်စီးကားတွေ၊ ခရီးသွားကုန်တင်ယာဥ်တွေ၊ ကုမ္ပဏီကားတွေမှာလည်း အစိုးရစစ်တပ်ရဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ အစိုးရစစ်သားတွေကို သယ်ဆောင်မပေးဖို့ KIA တပ်မဟာ ၉ က မတ်လ ၁၆ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာအာဏာသိမ်းစစ်ကောင်စီက သံချပ်ကာကားတွေနဲ့ အင်အားပြနေစဥ်

မတ်လ ၁၈ ရက်နေ့မှာပဲ မြစ်ဆုံအရှေ့ဘက်နားမှာ KIA နဲ့ မြန်မာ့တပ်မတော်တို့ ကြီးကြီးမားမား မဟုတ်ပေမဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် မတ်လ ၁၅ ရက်မနက်ပိုင်းအချိန်ကလည်း လီဒိုလမ်းမပေါ်မှာရှိတဲ့ တနိုင်းမြို့နယ် ရှဒူးဇွပ်ကျေးရွာနားမှာ ခလရ ၂၉၇ အနီးမှာ မြန်မာ့တပ်မတော်နဲ့ KIA ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့လည်း မြန်မာ့တပ်မတော်ဟာ တိုက်ပွဲတချို့ဖြစ်ပွားနေပါတယ်။

မတ်လ ၁၈ ရက် မနက် ၈ နာရီလောက်မှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၂၀ ဟာ ညောင်လေးပင်ခရိုင်ထဲက ဝါးပလားတုစခန်းကနေ KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင် လူသောမြို့နယ်ထဲက တရီပလောနဲ့ ခလိုးခလော်လိုပလိုးရွာတွေကို အဝေးပစ်မော်တာနဲ့ လှမ်းပစ်ပါတယ်။ မော်တာကျည်တွေဟာ ရွာစပ်မှာပဲကျလို့ အထိအခိုက်မရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU/KNLA တပ်ဖွဲ့ဝင်များ (၂၀၁၄ ခုနှစ်)

မတ်လ ၁၇ ရက်နေ့ မနက် ၆ နာရီလောက်မှာလည်း ခမရ ၂၀ ကပဲ ညောင်လေးပင်ခရိုင် ထီးလီခါထာနယ်ထဲက ကရင်ကျေးရွာတွေကို တာဝေးပစ်မော်တာကြီးတွေနဲ့ မိနစ် ၂၀ လောက်ကြာအောင် ပစ်ခတ်ခဲ့ပါတယ်။ ရွာထဲကို မော်တာကျည် ၂၆ လုံးကျရောက်ပြီး အိမ်တချို့ပျက်စီးသလို တိရစ္ဆာန်တချို့ သေဆုံးမှုရှိခဲ့ပါတယ်။ ရွာထဲက မိသားစု ၃၁ စု၊ လူဦးရေ ၂၅၁ ယောက်ဟာ တောထဲကို ထွက်ပြေးပုန်းရှောင် ခဲ့ကြရတယ်လို့ KNU ညောင်လေးပင်ခရိုင် တာဝန်ရှိသူတွေက ဆိုပါတယ်။

KNU တပ်မဟာ ၁ အခြေစိုက်ရာ သထုံခရိုင် ညောင်ကုန်းရွာသစ်နားမှာလည်း မတ်လ ၁၀ ရက်နေ့တုန်းက ခမရ ၁၁၈၊ ခလရ ၂၀၄၊ ခလရ ၂၀၅ ပူးပေါင်းတပ်တွေနဲ့ KNU တို့ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဘက်က ၅ ယောက်သေဆုံးပြီး KNU ဘက်ကတော့ အသေအပျောက်မရှိဘူးလို့ KNU ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၁ သထုံခရိုင်၊ တပ်မဟာ ၂ ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ တောင်ငူခရိုင်နဲ့ တပ်မဟာ ၅ ဖာပွန်ခရိုင်တို့မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

အခုလို တိုက်ပွဲတွေဖြစ်ပွားနေချိန်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ လူထုဆန္ဒပြပွဲတွေဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်က ပစ်ခတ်နှိမ်နင်းမှုကြောင့် ဆန္ဒပြသူတွေ နေ့စဥ်လိုလို သေဆုံးနေကြချိန်လည်း ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေ အများစုပါဝင်တဲ့ CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်လည်း ဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56450648

မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ၊ ကေအန်ယူတို့တိုက်ပွဲတွေဖြစ်ပွား  မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေ၊ ကေအန်ယူတို့တိုက်ပွဲတွေဖြစ်ပွား Reviewed by THITHTOOLWIN on 05:39 Rating: 5

No comments:

Powered by Blogger.