ကချင် ဒေသခံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

ကချင် ဒေသခံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ ကိုလရော်၊ မချန်ဘူ / Photo-CJ

ကချင်ပြည်နယ်အခြေစိုက် 74 media နဲ့ kachinwaves သတင်းဌာနက သတင်းထောက်နှစ်ဦး ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြပွဲ သတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတယ်လို့ သတင်းဌာန တာဝန်ရှိသူတွေက RFA ကိုပြောပါတယ်။

74 media က သတင်းထောက် မချန်ဘူ၊ Kachinwaves သတင်းဌာနက သတင်းထောက် ကိုလရော်တို့ နှစ်ဦးဟာ မြစ်ကြီးနားမြို့ အေးစေတီကြက်ခြေနီရုံးအနီးမှာ ဒီနေ့ မနက်ဆန္ဒပြပွဲသတင်းယူနေရင်း ဖမ်းဆီးခံလိုက်ရတာပါ။

Kachinwaves သတင်းဌာနက တာန်ခံအယ်ဒီတာတစ်ဦးက " ဆန္ဒပြပွဲကို စစ်တပ်တွေ၊ ရဲတွေက ဖြိုခွဲဖို့ ရောက်လာတယ်၊ အဲ့ဒီမှာ သူတို့နှစ်ယောက်ထွက်ပြေးတယ်၊ ကျနော့်ဆီ နောက်ဆုံးဖုန်းဆက်တာ ထွက်ပြေးနေရတယ်လို့ပြောတယ်၊ နောက်တော့ သူတို့ပြေးမလွတ်ဘဲ ဖမ်းမိသွားတာ၊ အခုထိ ဘာအဆက်အသွယ်မှမရသေးဘူး၊ ဘယ်မှာဖမ်းထားလဲဆိုတာလည်း မသိရသေးဘူး" လို့ RFA ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးဟာ မိသားစုနဲ့ အဆက်အသွယ်မရသေးသလို သူတို့ကို တရားစွဲဆိုတာ ရှိ၊ မရှိဆိုတာလည်း မသိရသေးပါဘူး။

RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ တစ်ရက်နေ့ စစ်အာဏာသိမ်းချိန်ကစပြီး မတ်လ ၂၆ ရက်နေ့အထိ ဖမ်းခံခဲ့ရတဲ့ သတင်းထောက် ၅၃ ယောက်ရှိပါတယ်။

အဲ့ဒီထဲက ပြန်လွတ်လာတဲ့သူ ၃၀ ယောက်ရှိပြီး ကျန် ၂၁ ယောက်ဟာ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီးခံထားရပြီး ၅၀၅ (က)အပါအဝင် ပုဒ်မ အသီးသီးနဲ့ တရားစွဲခံထားရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kachin-journalist-arrested-myanmar-coup-media-freedom-03292021094631.html

ကချင် ဒေသခံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ ကချင် ဒေသခံသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.