ရှမ်းနဲ့ ပဲခူးသပိတ်စစ်ကြောင်းများ ဖြိုခွင်းခံရမှု ထိခိုက်၊ ဖမ်းဆီးခံရမှု ရှိ

မူဆယ် သပိတ် ဖြိုခွင်းခံရတဲ့ မြင်ကွင်း။ (ဓါတ်ပုံ - မူဆယ်ဒေသခံတဦး - မတ် ၈၊ ၂၀၂၁)

တနိုင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေချိန်မှာပဲ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းမှာလည်း ဆန္ဒပြမှုတွေ ရှိနေသလို တချို့မြို့နယ်မှာ လုံခြုံရေးရဲတပ်ဖွဲ့ကနေ သပိတ်ဖြိုခွင်းမှု၊ ဖမ်းဆီးမှုတွေ ရှိနေတာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်အိန်က ပြောပြပေးမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဒီကနေ့ ဆန္ဒပြပွဲမှာ သပိတ်စစ်ကြောင်း ဖြိုခွဲခံရလို့ ထိခိုက်မှု ရှိသလို အဖမ်းအဆီး ရှိနေတယ်လို့ မူဆယ်သပိတ်ခေါင်းဆောင်တဦးက ဆိုပါတယ်။

“သပိတ်စစ်ကြောင်းနဲ့ သူတို့ နောက်က ရဲစစ်တပ်အင်အားနဲ့ ဆုံတဲ့အခါကျတော့ ကျနော်တို့ လူငယ်လေးတွေက ရှေ့မှာကာကြတယ်ပေါ့နော်။ ရဲက ဘာအော်လဲဆိုတော့... လူစုခွဲဖို့ အော်နေတယ်။ အဲဒီတော့ ကျနော်တို့ လူငယ်တွေကပြောတာပေါ့။ ကျနော်တို့ လူစုခွဲပေးမယ်။ ကျနော်တို့ကို ဘယ်နှစ်မိနစ်၊ အချိန်ဘယ်လောက်ပေးမလဲ။ ကျနော်တို့ လူစုခွဲပေးမယ် အဲဒါပြောတယ်။ ဒါပေမဲ့ ရဲဘက်က အဲဒီလိုပြောတာကို သူတို့ နားမထောင်ဘူး။ နောက်ဆုံး မျက်ရည်ယိုဗုံးနဲ့ သူတို့ စပြီးတော့ ပစ်တယ်ဗျ။ မျက်ရည်ယိုဗုံးနဲ့ စပစ်တဲ့အချိန်မှာ ကျနော်တို့ စီတန်းပြတဲ့အဖွဲ့တွေ ရေဗူးတွေ၊ ဘာတွေနဲ့ နည်းနည်း ပြန်ပြီးတော့ပြတဲ့သဘောမျိုးရှိတယ်ဗျ။ အဲဒီအချိန်မှာ ရဲကနေပြီးတော့ ရာဘာကျည်နဲ့ စပစ်တယ်။ ပြီးရင်နောက် ကျည်အစစ်တွေနဲ့ လိုက်ပစ်တယ်။ အထိခိုက်က လောလောဆယ်မှာ တယောက်ကတော့ ကျည်မှန်သွားတယ်ဗျ။ ယေကျ်ားလေး ၅ ယောက်၊ မိန်းကလေး ၁ ယောက်ပေါ့နော်... အကုန်လုံး လူငယ်လေးတွေချည်းပဲ။ သူတို့အခု ရဲစခန်းမှာဗျ။ သူတို့ ဖမ်းထားတယ်။”

အဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူ ၆ ယောက်ကတော့ မူဆယ်ရဲစခန်းမှာ ထိန်းသိမ်းခံထားရတာပါ။

မူဆယ်မှာတော့ စစ်အဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေချိန်မှာပဲ CDM လုပ်တဲ့ ဝန်ထမ်းတချို့ ခြိမ်းခြောက်မှုတွေ ကြုံနေရပါတယ်။

ရှမ်းပြည်နယ်လွိုင်လင်မြို့မှာလည်း ဆန္ဒပြသူတွေ အဖမ်းဆီးခံရတယ်လို့ တရားလွှတ်တော်ရှေ့နေ တဦးကပြောပါတယ်။

“အဖမ်းခံရတာကလေ ကလေးတွေရော၊ လူကြီးရောပေါ့... ၁၃ ယောက်ဖမ်းထားတယ်လို့ သိရတယ်။ သူတို့ကို စစ်ဆေးနေတုန်းလို့ သိရတယ်။ လွိုင်လင်ဘက်ကိုလေ။”

လားရှိုးမှာ ဆန္ဒပြသူတွေကိုပစ်ခတ်ဖြိုခွင်းခံရသလို လူ ၇ ဦး အဖမ်းခံရတယ်လို့ CDM လုပ်နေတဲ့ ဝန်ထမ်းတဦးက ဆိုပါတယ်။

“ဆန္ဒပြ ၂ နေရာဖြိုခွင်းတယ်။ မန္တလေးလမ်းဆုံရယ်၊ နောက်တခုက သုခလမ်းရယ်ရှင်။ အဲဒါ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းတယ်။ စုစုပေါင်း ၇ ယောက် အဖမ်းခံရတယ်လို့ ပြောတယ်ရှင့်။”

၇ ဦးထဲက နောက်ထပ်မိန်းကလေးတစ်ဦးကို လွှတ်ပေးလိုက်ပေမဲ့ အမျိုးသားခြောက်ယောက် အဖမ်းခံလိုက်ရပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့ဘက်မှာလည်း သပိတ်စစ်ကြောင်း ဖြိုခွင်းခံရတယ်လို့ သပိတ်ခေါင်းဆောင်တဦးကဆိုပါတယ်။

“CDM နဲ့ ဗကသတွေ စထွက်တဲ့အချိန်မှာ ရဲနဲ့စစ်တပ်တွေအလုံးအရင်းနဲ့ ရောက်လာပြီးတော့ ဗုံးပုံစံမျိုး တချက်၊ နှစ်ချက် ပစ်တယ်။ ဒီဘက်က ရပ်ကွက်က လူတွေထွက်လာတော့ မျက်ရည်ယိုဗုံးနဲ့ တခါထပ်ပစ်တယ်။ ထိခိုက်မှုတော့လောလောဆယ်ဆယ်တော့ ရာဘာကျည်သေနတ် တယောက်ထိတယ်ပေါ့.. ပေါင်မှာ။ မီးခိုးမှိုင်းတော့ ထိကြတာပေါ့နော်... လူငယ်တွေ။”

ပဲခူးမြို့သပိတ်မှာတော့ မြို့အနောက်ဘက်ခြမ်းမှာ ရှိတဲ့ CDM အလွှာစုံသပိတ်ရယ်၊ မြို့ဘက်ခြမ်းမှာ ကျောင်းသားသမဂ္ဂ ဦးဆောင်သပိတ်စစ်ကြောင်း တွေ့ဆုံရာ ပဲခူးတံတားမှာ ဆုံတွေ့ကြပြီး မနက် ၉ နာရီကျော်မှာ သပိတ်ဖြိုခွင်းခံရတာပါ။

ပဲခူးမြို့ဘက်ခြမ်း သပိတ်စစ်ကြောင်းကတော့ ဒီနေ့လယ်ပိုင်းအထိ ဆန္ဒပြနေသလို လုံခြုံရေးအဖွဲ့တွေကနေ လိုက်လံ ပစ်ခတ်တားဆီးမှုတွေ ရှိနေတယ်လို့ မြို့ခံတဦးကဆိုပါတယ်။

“နေ့ခင်း ၁၂ ပိုင်းလောက်က ပဲခူးလိပ်ပြာကန်ရှေ့မှာ ရပ်ကြည့်နေတဲ့လူတွေ ပြန်ပြီးတော့ကြည့်နေတဲ့လူတွေကို စစ်ကားတွေ၊ ရဲကားတွေကနေ လှန်းပစ်နေတာ ရှိတယ်။ လှည့်နေတုန်းပေါ့။ ရမ်းသန်းပြီး ပစ်တာမျိုးတွေ။ ပြီးတော့ ဆိုင်ကယ်တွေ... ကားနဲ့ လိုက်တိုက်တာမျိုးရှိတယ်။”

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ကနေ နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်ပြီးနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။

တပ်မတော်ကနေ အာဏာထိန်းသိမ်းလိုက်တဲ့ လုပ်ဆောင်ချက်အပေါ် တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိလာပြီး ဖမ်းဆီးမှုတွေကလည်း တိုးလာနေပါတယ်။


ကိုနိုင်ကွန်းအိန်/ VOA Burmese

https://burmese.voanews.com/a/shan-bago-military-coup-protest/5805817.html

ရှမ်းနဲ့ ပဲခူးသပိတ်စစ်ကြောင်းများ ဖြိုခွင်းခံရမှု ထိခိုက်၊ ဖမ်းဆီးခံရမှု ရှိ ရှမ်းနဲ့ ပဲခူးသပိတ်စစ်ကြောင်းများ ဖြိုခွင်းခံရမှု ထိခိုက်၊ ဖမ်းဆီးခံရမှု ရှိ Reviewed by THITHTOOLWIN on 23:37 Rating: 5

No comments:

Powered by Blogger.