စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှု မုံရွာမှာ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ



ဒီမနက် စစ်ကိုင်းတိုင်း မုံရွာမြို့ အာဇာနည်လမ်းနဲ့ ဗိုလ်တေဇလမ်းထောင့်က အိမ်တစ်အိမ်ကို ဝင်ရောက်ဖမ်း ဆီးချိန် ရပ်ကွက်ဒေသခံတွေက ကန့်ကွက်တားမြစ်ခဲ့တဲ့အတွက် ထိပ်တိုက်ဖြစ်ရာက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦး ခေါင်းကို ကျည်ထိမှန် သေဆုံးပြီး၊ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက RFA ကို အတည်ပြုပြောဆိုပါတယ်။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ပြုစုထားတဲ့စာရင်းတွေအရ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ ဒီကနေ့အထိဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် မုံရွာမှာ သေဆုံးသူ ၁၂ ယောက်အထိ ရှိသွားပြီဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ သေဆုံးသူဟာ မတ်လ ၂ဝ ရက်နေ့အထိ ၂၄၇ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကတော့ ပုံသဏ္ဍန်မျိုးစုံနဲ့ ဆက်ပြီး ရှိနေတာပါ။ ဒီကနေ့မှာပဲ စစ်ကိုင်းတိုင်း ကလေးမြို့မှာဆိုရင် သပိတ်စစ်ကြောင်း ၅ ခုနဲ့ ကြွေးကြော်သံတွေ တိုင်ကြား၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြကြသလို လူမပါတဲ့ သပိတ်ပုံစံနဲ့လည်း ဆန္ဒပြခဲ့ကြတာကို လူမှု ကွန်ရက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း ကောလင်းမြို့မှာဆိုရင်လည်း မြန်မာ့မီးရထားဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်သလို စစ်အာဏာရှင် ကျဆုံးရေး မြန်မာ့မီးရထား သပိတ်စစ်ကြောင်းနဲ့ နေ့စဉ်ဆန္ဒပြနေကြတာပါ။ မတ်လ ၂ဝ ရက် စနေနေ့ညကတော့ စစ်တပ်နဲ့ ရဲတွေက မြန်မာ့မီးရထားဝင်းကို ဝင်ရောက် အကြမ်းဖက်ပစ်ခတ်ပြီး သုံးယောက် ကို ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မီးရထားလိုင်းခန်းမှာနေသူတချို့က RFA ကို ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုမတိုင်ခင်မှာလည်း မီးရထားလိုင်းခန်းနဲ့ကပ်လျက် ရှမ်းကုန်းရပ်ကွက်ထဲက အသက် ၇ဝ အရွယ် ကျောင်းဆရာမတစ်ဦးရဲ့အိမ်ကို ဝင်ရှာပြီး ဖမ်းဆီးသွားခဲ့ပါတယ်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်မှာတော့ သုခကာရီ သုခကာရီ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ မရွှေမှုန်နဲ့ အသင်းဝင် နှစ်ယောက် ဒီမနက် ဖမ်းဆီးခံခဲ့ရပါတယ်။ လှိုင်သာယာမြို့နယ်က စားဝတ်နေရေးခက်ခဲနေတဲ့ ကျုးကျော်တွေအတွက် ဆန်ဆီတွေလှူဖို့သွားချိန် သူတို့ကို လှိုင်သာယာ ပန်းလှိုင် တံတားအနားမှာ စစ်ကား ၄ စီး၊ ရဲကား ၁ စီးနဲ့ ဖမ်းသွားတာလို့ မျက်မြင်တွေ့ရှိသူတစ်ယောက်က ပြောပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာလည်း ဒီမနက်က လမ်းသွားလမ်းလာတွေကိုဖမ်းပြီး လမ်းပေါ်မှာ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ဖယ်ခိုင်းတာတွေလုပ်ခဲ့ပါတယ်။ တောင်ဥက္ကလာပမြို့နယ် ၁ဝ ရပ်ကွက်မှာဆိုရင် လမ်းသွားလမ်းလာ အမျိုးသားတွေအပြင် အမျိုးသမီးတွေကိုပါ ဖမ်းခေါ်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်က ရပ်ကွက်တွေထဲမှာလည်း ရဲနဲ့ စစ်သားတွေ ချက်ချင်းဝင်မလာနိုင်အောင် တားဆီးထား တဲ့ သံဆူးကြိုးတွေ၊ အိမ်ခြံဝင်းသံစကာတွေကိုဖြုတ်ပြီး ကားပေါ်တင် ယူဆောင်သွားကြပါတယ်။

မန္တလေးမှာတော့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးကျောင်းသူ၊ ကျောင်းသားတွေ စုစုပေါင်း ၁ဝဝ လောက် ဟာ ဂျူတီကုတ်အဖြူရောင်တွေကို ဝတ်ဆင်ပြီး ဒီနေ့မနက်အစောပိုင်းမှာ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံတွေအော်ပြီး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ပဲခူးတိုင်း ဥက္ကံမြို့နယ်မှာတော့ မတ် ၂ဝ ရက်ညက အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေး မှူးကို ကန့်ကွက်ခဲ့သူတွေနဲ့ ဆန္ဒပြပွဲမှာ ပါဝင်သူ ရှစ်ယောက်ကို ဖမ်းဆီးခဲ့သလို တချို့လည်း ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ဥက္ကံဒေသခံတွေက ပြောဆိုပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီး၊ တရားစွဲ၊ ပြစ်ဒဏ်ခံရသူပေါင်း ၂၃၄၅ ဦးရှိခဲ့တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။ အဲဒီစာရင်းထဲကမှ ထောင်ချခံရသူ (၁၅) ဦး၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်လို့ တိမ်းရှောင်နေရသူ (၈၈) ဦးနဲ့ ပြန်လွတ်လာသူ (၃၅၁) ဦး ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ လက်ရှိအချိန်အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံနေရသူ ၁၉၉၄ ဦး ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

RFA Burmese



စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှု မုံရွာမှာ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှု မုံရွာမှာ တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.