ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူကြောင်း ကုလ အတည်ပြု



(၄-၃-၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီကိုဆန့်ကျင်ပြီး ဒီမိုကရေစီအင်အားစုတွေနဲ့အတူ ရပ်တည်ကြောင်း ကြေညာခဲ့တဲ့ နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလ သံအမတ်အဖြစ် ဆက်လက်တာဝန်ထမ်းနေကြောင်း ကုလ ပြောခွင့်ရသူ Stephane Dujarric  က ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း ပြောသွားပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့မှာ ဦးကျော်မိုးထွန်းက အဲဒီလို ရဲဝံ့စွာကြေညာပြီးနောက် သူ့ကို တာဝန်ကနေရပ်ဆိုင်းကြောင်း၊ သူနေရာမှာ သံရုံး ဒုတိယအရာရှိ ဦးတင်မောင်နိုင်ကို အစားထိုးတာဝန်ပေးကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂဆီ စာရေးပေးပို့ခဲ့ပါတယ်။

အဲဒီနောက် သူတို့ ၂ ဦးမှာ ဘယ်သူကိုအတည်ပြုရမလဲဆိုပြီး ကုလသမဂ္ဂမှာ အကြိတ်အနယ်ဆွေးနွေးနေစဉ် ဒီနေ့မှာတော့ ဦးတင်မောင်နိုင် တာဝန်ကနေ နုတ်ထွက်စာတင်ပြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်တာဝန်ပေးဖို့ တိုက်တွန်းသွားတဲ့အကြောင်း နယူးယေက်မြန်မာသံရုံးက ကုလသမဂ္ဂဆီ အကြောင်းကြားလာ တယ်လို့ ကုလပြောခွင့်ရသူက ရှင်းပြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် ဦးကျော်မိုးထွန်းကပဲ ဆက်လက်တာဝန်ထမ်းရွက်သွားမှာဖြစ်တယ်လို့ ကုလ ပြောခွင့်ရသူ Stephane Dujarric က ပြီးခဲ့တဲ့ နာရီပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း အတည်ပြုပြောဆိုသွားပါတယ်။

ဦးတင်မောင်နိုင် နုတ်ထွက်စာတင်ပြီး ထွက်သွားပြီဆိုတဲ့သတင်းဟာ ပြီးခဲ့တဲ့ ၂ ရက်လောက်ကတည်းက ထွက်ပေါ်နေပေမယ့် ဒီနေ့မှ ကုလသမဂ္ဂက အတည်ပြုသွားတာဖြစ်ပါတယ်။ 

ဒီနေ့ ထပ်မံရရှိတဲ့သတင်းတွေအရဆိုရင် ဝါရှင်တန်မှာရှိတဲ့ မြန်မာသံရုံးကလည်း ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီ၊ ယူကရိန်းနဲ့ အခြားနိုင်ငံတွေက သံတမန်ဝန်ထမ်းတွေလည်း စစ်ကောင်စီကိုဆန့်ကျင်ပြီး ဒီမိုကရေစီအင်အားစုတွေနဲ့အတူ၊ ပြည်သူလွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH နဲ့အတူ ရပ်တည်လာနေကြပြီဖြစ်ပါတယ်။       ။


Burma News Network

https://www.facebook.com/burmanewsnetwork

ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူကြောင်း ကုလ အတည်ပြု ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ယူကြောင်း ကုလ အတည်ပြု Reviewed by THITHTOOLWIN on 08:05 Rating: 5

No comments:

Powered by Blogger.