စစ်သားနဲ့ ရဲတွေက ကယ်ဆယ်ရေး လုပ်နေသူတွေကိုလည်း ရိုက်နှက်ဖမ်းဆီးနေကြ



မတ်လ ၃ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက် ပစ်သတ်ခဲ့ကြတာကြောင့် ဆန္ဒပြသူ အမြောက်အများ ထိခိုက်သေဆုံးကြသလို ကယ်ဆယ်ရေးလုပ်ပေးကြတဲ့ ပရဟိတအသင်းက လူငယ်တွေကိုပါ ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးခဲ့ကြပြီး ကားတွေကို ဖျက်စီးခဲ့ကြပါတယ်။

မြောက်ဥက္ကလာက လူနာတင်ဖို့သွားတဲ့ မွန်မြတ်စိတ်ထား ပရဟိတအဖွဲ့ လူနာတင်ကားကို ရဲတပ်ဖွဲ့က အသင်းသား လေးဦးကို ရိုက်နှက်ဖမ်းဆီးကာ အင်းစိန်ထောင်မှာ ဖမ်းဆီးထားတယ်လို့ အသင်းတာဝန်ရှိ သူတစ်ဦးက RFA ကို ပြောပါတယ်။

မွန်မြတ်စိတ်ထားအသင်းက ကိုကျော်မင်းအောင် (ခေါ်) ကိုကုလား အသက် ၃၅ နှစ်၊ ဦးသန့်စင်ဦး ၄၂ နှစ်၊ ကိုစိုးထက်အောင်(ခေါ်) ကိုအရှည်ကြီး အသက် ၂၀၊ ကိုမင်းဦး အသက် ၂၂ တို့ဟာ ရိုက်နှက်ဖမ်းဆီးခံခဲ့ ရတာဖြစ်ပါတယ်။

We love မြောက်ဥက္ကလာအသင်းက အသင်းသား နှစ်ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ဒဏ်ရာတွေ ရရှိထားကြတဲ့အတွက် ပြန်လွှတ်ပေးခဲ့ကြပါတယ်။ အသင်းကားကိုတော့ မှန်တွေရိုက်ခွဲ ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ မတ်လ ၃ ရက်နေ့တစ်ရက်ထဲမှာ မြောက်ဥက္ကလာ ပစ်ခတ်မှုမှာ သေဆုံးသူ ၁၁ ဦး ရှိနေပြီး သေဆုံးသူစာရင်း အတိအကျသိရဖို့ ထပ်မံအတည်ပြုနေပါတယ်။ ထိခိုက်ဒဏ်ရာရ ထားသူကလည်း ၂၀ ဝန်းကျင်ရှိနေပါတယ်။ အဲဒီထိခိုက်သူတွေကို ကူညီကယ်ဆယ်ပေးတဲ့အထဲမှာ နာရေး ကူညီမှုအသင်း (ရန်ကုန်)က အဖွဲ့တွေကိုလည်း တွေ့ရပါတယ်။

အဲဒီနောက် ညပိုင်းမှာတော့ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ဦးစီးတဲ့ ရန်ကုန်နာရေးကူညီမှု အသင်းရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ် ၃ ရက်နေ့ မနေ့ည ၁၁ နာရီလောက်က အကြမ်းဖက် ဝင်ရောက်ခဲ့ပြီး ရုံးမှာရှိနေသူတွေကို ရိုက်နှက်ခဲ့ကြပါတယ်။

ရုံးမှာညအိပ်နေထိုင်သူ အမည်မဖော်လိုသူတစ်ဦးက အခုလို ပြောပါတယ်။

“လက်ရှိ ကျနော်တို့ ထွက်ပြေးနေရတယ်ခင်ဗျ၊ အခုရုံးကို ဝင်စီးထားတယ်၊ ကျနော်တို့ ရုံးထဲမှာ အယောက် ၃၀ ကျော်လောက်ရှိပါတယ်။ အခုတော့ အကုန်လုံး ထွက်ပြေးနေပါတယ်။ ဘယ်သူတွေပါသွားမှန်းလည်း မသိပါဘူး၊ ဘယ်နှစ်ယောက်ပါပြီး ဘယ်သူတွေပါသွားမှန်း မသိပါဘူး”

အဲဒီအချိန်မှာ အသင်းဥက္ကဋ္ဌ ဦးကျော်သူဟာ အိမ်ပြန်သွားချိန်ဖြစ်ပါတယ်။ ဒီကနေ့ ဦးကျော်သူကို RFA က ဆက်သွယ်ပေမယ့် အဆက်အသွယ်လုပ်လို့ မရပါဘူး။

နာရေးကူညီမှုအသင်းကလည်း မြောက်ဥက္ကလာက သေနတ်နဲ့ ပစ်ခံရတဲ့လူနာတွေကို ကယ်ဆယ်ရေးအတွက် ကူညီခဲ့ပါတယ်။ သတင်းအနေနဲ့ ရဲနဲ့ စစ်သား မိသားစုဝင်တွေရဲ့ နာရေးကို ဝန်ဆောင်မှု မပေးတော့ဘူး လို့လည်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့မှာလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ပရဟိတအသင်းက လူငယ်တွေကို စစ်ကောင်စီရဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေ ချိန်းခြောက်တာတွေ လုပ်ဆောင်နေပါတယ်။

ပရဟိတကားတွေက ဆန္ဒပြပွဲတွေနောက်ကလိုက်တာ ဘေးကနေလိုက်တာ ရှေ့ကနေလိုက်တာမျိုး မလုပ်ဖို့ အဲဒီလို လုပ်နေမယ်ဆိုရင် စစ်တပ်နဲ့ ရဲက ပစ်ခတ်မယ်ဆိုပြီး ချိန်းခြောက်ခံထားရပါတယ်။

ဆန္ဒပြပွဲတွေနောက်မလိုက်ဘဲ ဖုန်းဆက်လှမ်းခေါ်မှ သွားရောက်ကယ်ဆယ်ပေးနေရတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ) ဥက္ကဋ္ဌ ကိုစိန်ကိုကိုက RFA ကို ပြောပါတယ်။

မုံရွာမြို့ ကျောက္ကာလမ်း၊ ဇောတိဘုန်းတော်ကြီးကျောင်းအနီး ဒီနေ့မနက်က ကယ်ဆယ်ရေး လုပ်ပေးနေစဉ် ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မုံရွာ) က ဆရာဝန် သုံးဦးနဲ့ မြန်မာနိုင်ငံလူမှု ကယ်ဆယ် ရေးအဖွဲ့ (မုံရွာ) က ပရဟိတ လူငယ် ကိုးဦးကိုလည်း မတ်လ ၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး နေ့လယ်ပိုင်းမှာ တော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ညက ကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ဒေဝဂတိ၊ ရာသက်ပန် စေတနာရိပ်နဲ့ သုခဟိတ အသင်းတွေက အဖွဲ့ဝင် ၂၀ ဦးနဲ့ လူမှုကူညီရေးယာဉ် ၅ စီးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ခဲ့ကာ ဖေဖော်ဝါ ရီ ၂၈ ရက်နဲ့ မတ်လ ၁ ရက်နေ့တို့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကလည်း နိုင်ငံတကာအသိအမှတ်ပြု ကြက်ခြေနီအလံနဲ့ အသင်းဝင် စေတနာ့ လုပ်အားရှင်တွေကို ထိခိုက်ဖမ်းချုပ်ခံနေရပြီး၊ ကားတွေဖျက်ဆီးခံနေရတာကြောင့် လူသားချင်းစာနာ ထောက်ထားမှုနဲ့ ကူညီနေတဲ့ အသင်းဝင်တွေကို လေးစားဖို့ ပစ်မှတ်မထားဖို့ မတ်လ ၂ ရက် နေ့က ထုတ်ပြန် ကြေညာထားပါတယ်။

ကြက်ခြေနီအသင်းက ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်အတွင်း အရေးပေါ်လူနာတင်ယာဉ်၊ ဆေးပစ္စည်းနဲ့ နိုင်ငံတကာအသိအမှတ်ပြု အလံတွေ ဖျက်ဆီးခံရပြီး စေတနာ့ဝန်ထမ်းတွေ ထိခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက် မှာပါရှိပါတယ်။

လက်နက်မပါဘဲ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို စစ်သားနဲ့ ရဲတွေက ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်နေသလို ကယ်ဆယ်ရေး လုပ်ပေးနေသူတွေကိုပါ စစ်သားနဲ့ ရဲတွေက ရိုက်နှက်ဖမ်းဆီး နှောင့်ယှက်နေကြတာတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ အထင်အရှားတွေ့မြင်နေရပါတယ်။

တစ်နိုင်ငံလုံးက ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ RFA ရဲ့ ပြုစုထားတဲ့ အချက် အလက်တွေအရ သေဆုံးသူ ၅၀ ဦးရှိနေပြီး ထပ်မံသိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ အချက်အလက်တွေအရ အကြမ်းဖက် ပစ်ခတ်မှု ကြောင့် သေဆုံးသူ ၅၀ ကျော်ရှိနေပြီး ဖမ်းဆီးခံထားရသူ ၁၂၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။

RFA Burmese



စစ်သားနဲ့ ရဲတွေက ကယ်ဆယ်ရေး လုပ်နေသူတွေကိုလည်း ရိုက်နှက်ဖမ်းဆီးနေကြ စစ်သားနဲ့ ရဲတွေက ကယ်ဆယ်ရေး လုပ်နေသူတွေကိုလည်း ရိုက်နှက်ဖမ်းဆီးနေကြ Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.