ကလေးမြို့ သပိတ်စစ်ကြောင်း ပစ်ခတ် ဖြိုခွင်းမှုကြောင့် သေဆုံး သွားတဲ့ ချင်း အမျိုးသား ၂ ဦး ဈာပန ကျင်းပ






ကလေး၊ မတ် ၁၈၊ ၂၀၂၁

ကလေးမြို့မှာ မတ်လ ၁၇ ရက်က တာဟန်း သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုမှာ သေဆုံးသွားခဲ့သူတွေထဲက ချင်းအမျိုးသား ၂ ဦး ရဲ့ စျာပန အခမ်းအနားကို ဒီကနေ့ ကျင်းပပါတယ်။

တာဟန်း သပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ ချင်း တိုင်းရင်းသား ၂ ဦးအနက် ဆလိုင်း ကျုံးလျံကျဲအို နဲ့ ကိုကျင်ခန့်မာန်တို့ ၂ ဦးကို ဒီကနေ့မှာ သုသာန်အသီးသီးသို့ မြို့လူထုနဲ့ ချင်း တိုင်းရင်းသားတွေက လိုက်ပါပို့ဆောင်ကြ ပါတယ်။ 

မနေ့က စစ်တပ်နဲ့ ရဲတွေ ဝိုင်းထားမှုကြောင့် ပိတ်မိနေတဲ့ ညီမဖြစ် သူ ကို သွားကယ်ရင်း အစ်ကိုဖြစ်သူ အသက် ၂၅ နှစ် အရွယ် ဆလိုင်း ကျုံးလျံကျဲအိုဟာ  ရင်ဘတ်ကျည်ထိမှန်ပြီး သေဆုံးသွား ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

သူ့ရဲ့ရုပ်အလောင်းကို ဒီကနေ့ မနက် ၁၀ နာရီခွဲမှာ စီးစံသုသာန်သို့ ပို့ဆောင်ဂူသွင်းခဲ့ကြသလို ကလေး ၃ ဦးဖခင်ဖြစ်တဲ့ ကိုကျင်ခန့်မာန် ရဲ့ ရုပ်အလောင်းကိုတော့ သူနေထိုင်ရာ ချင်းပြည်နယ် ခိုင်ကမ်းမြို့က သုသာန်ဆီ ပို့ဆောင်ပေးကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့ကပဲ ကျည်ထိမှန် သေဆုံးခဲ့ရတဲ့ အသက် ၂၀ အရွယ် ကိုဒိုဆွမ်ကိမ်းအား ဒီကနေ့ နေ့လယ် ၂ နာရီမှာပဲ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့မှာ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုးတွေက ခရစ်ယာန် ဘာသာဝင်တွေရဲ့ ဓလေ့ထုံးစံအတိုင်း ဆုတောင်းပွဲပြုလုပ်ပြီး သူနေထိုင်ရာ တီးတိန်မြို့နယ် ထေးဇန်ရွာသို့ သွားရောက် ပို့ဆောင် နေကြကြောင်း သိရပါတယ်။

ကိုဒိုဆွမ်ကိမ်းရဲ့ ရုပ်အလောင်းကိုတော့ မနက်ဖြန် ထေးဇန်ရွာမှာပဲ သုသာန်သို့ ပို့ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ကလေးမြို့ သပိတ်စစ်ကြောင်း ပစ်ခတ် ဖြိုခွင်းမှုကြောင့် သေဆုံး သွားတဲ့ ချင်း အမျိုးသား ၂ ဦး ဈာပန ကျင်းပ ကလေးမြို့ သပိတ်စစ်ကြောင်း ပစ်ခတ် ဖြိုခွင်းမှုကြောင့် သေဆုံး သွားတဲ့ ချင်း အမျိုးသား ၂ ဦး ဈာပန ကျင်းပ Reviewed by THITHTOOLWIN on 21:33 Rating: 5

No comments:

Powered by Blogger.