ရန်ကုန်တိုင်းတွင်း ဆန္ဒပြမှုများဆက်ရှိ၊ ပစ်ခတ်မှုကြောင့်တဦးထက်မနည်း သေဆုံး

ရန်ကုန်ဆန္ဒပြပွဲအတွင်း ဖြိုခွင်းခံရတဲ့ မြင်ကွင်း။ (မတ် ၁၄၊ ၂၀၂၁)

ရန်ကုန်တိုင်းအတွင်းက စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်နှိမ်နင်းလို့ နေ့စဉ်ထိခိုက်သေဆုံးမှုတွေတိုးလာပေမဲ့ ဆန္ဒပြမှုတွေကတော့ ဆက်ပြီးရှိနေဆဲပါ။ ဒီကနေ့မှာတော့ ရန်ကုန်တိုင်းအတွင်း ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် တဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေလည်း ရှိနေပါတယ်။ မဆုမွန်က ပြောပြပေးပါမယ်။

ဒီကနေ့ မတ်လ ၁၆ ရက်နေ့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်ရဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်ပစ်ခတ်ဖြိုခွဲခံရတာကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိတယ်လို့ မျက်မြင် တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ အခုတော့ တစ်ယောက်ကတော့ head shot ထိသွားတော့ သူက ပွဲချင်းပြီး ထိသွားတယ်။ ကျနော်တို့လည်း ပြေးကောက်ဖို့လုပ်တော့ ကျနော်တို့ပါ အပစ်ခံရတယ်ဗျ။ အဲ့ဒီလိုမျိုး နောက် နှစ်ယောက်ပါ ထပ်ထိတာဗျ။ တော်တော်ကို အခြေအနေဆိုးတယ်။ အခုက ဒီတပ်က ဝိုင်းထားတာဆိုတော့ ဘာမှလုပ်လို့မရဘူး။ အခုချိန်ထိလည်း ဒီတောင်ဒဂုံဂိတ်ဟောင်းမှာလည်း တပ်တွေက နေရာချထားလိုက်ပြီဗျာ။ ဒီတောင်ဒဂုံကျောင်းပေါ့နော် ... အ.ထ.က ၂ ကျောင်းမှာလည်း တပ်က နေရာယူထားပါတယ်ဗျ။ ပြီးတော့ ဒီထဲမှာ ကာထားတဲ့ ကျနော်တို့ ဒိုင်ကာတွေပေါ့... defense line တွေ အကုန်လုံးကို ဘိုဒိုဇာနဲ့ ထိုးဖျက်သိမ်းထားတယ်။ အခုရပ်ကွက်တွေထဲကို မနက်က စပြီးတော့ ဝင်တယ်။ ဝင်ပြီးတော့ ပြန်ထွက်သွားတယ် အဲ့ဒီလိုမျိုးတော့ ရှိတယ်ဗျ၊ ကျည်အစစ်တွေပဲ သုံးသွားတယ်၊ ရာဘာကျည်ဆိုတာ သိပ်မရှိတော့ဘူး။”

ဒီနေ့ ဖြိုခွဲရာမှာ မျက်ရည်ယိုဗုံး၊ ရာဘာကျည်တွေ သိပ်မသုံးတော့ဘဲ ကျည်အစစ်ပိုပြီးတော့ သုံးလာတာတွေ့ရသလို စစ်သားအင်အားကိုလည်း အလုံးအရင်းနဲ့ သုံးထားတယ်လို့ ပြောပါတယ်။ ပစ်ခတ်ဖြိုခွဲပြီး စစ်တပ်နဲ့ ရဲတွေက ဆက်ပြီးတပ်စွဲထားလို့ သွားလာလှုပ်ရှားရ ခက်တယ်လို့ ဖြိုခွဲချိန်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။

တောင်ဒဂုံမြို့နယ်ထဲက ဆန္ဒပြသူတွေ အဓိက ဆုံရပ်နေရာဖြစ်တဲ့ ဂိတ်ဟောင်း၊ သစ်ဆိုင်ကွေ့၊ ၁၈ ကွေ့ဒီသပိတ်သုံးခုကို အဓိကထားပြီး အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခံရတယ်လို့ ဆန္̔ဒပြသူတွေ ပြောကြပါတယ်။ ခံစစ်အတားအဆီးတွေ စစ်တပ်နဲ့ ရဲတွေက ဘိုဒိုဇာနဲ့ ဖျက်ဆီးလိုက်ပါတယ်။ တောင်ဒဂုံမြို့နယ်မှာပဲ ဒီမနေ့ ၁၀ နာရီလောက်က အသက် ၅၀ အရွယ် ဦးစည်သူအောင်ဟာ ကွမ်းယာသွားဝယ်ဖို့ လမ်းသွားရင်း ဦးခေါင်းပစ်ခံရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆေးရုံကူတင်ပေးသူ တစ်ဦးက ပြောပါတယ်။

“သူကလေ လမ်းမှာ ကွမ်းယာသွားဝယ်တာတဲ့... ဆန္ဒမပြဘူးဗျ။ အသက်အခြေအနေက ၅၀၊ ၅၀ ပါ၊ အရမ်းကြီးပေါ့နော်... အခြေအနေလည်း မကောင်းဘူးဗျ။ ဆေးရုံမှာပေါ့နော်။ သူက ဆရာဝန်တွေက ကုနေတယ်ဗျ။ စိုးရိမ်တယ်ဗျ၊ ဒဏ်ရာက ခေါင်းပါ ဦးခေါင်းပါ။ ဘာများပြောချင်လဲဆိုတော့ အခုအခြေအနေအရတော့ နည်းနည်းတော့ ဆိုးတယ်၊ ဆိုးနေတာပေါ့နော် တောင်ဒဂုံမှာ အခြေအနေက။ မနေ့ကဆိုရင်လည်း တော်တော်များများ တောင်ဒဂုံက လူတွေ ကျဆုံးပါတယ်။”

လှိုင်မြို့နယ်က စစ်အာဏာသိမ်းဆန့်ကျင် ကန့်ကွက်မှုကို ညနေ ၃ နာရီခွဲအထိ ဖြိုခွဲခံရတာ မရှိသေးပါဘူး။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့အကြမ်းဖက် ပစ်သတ်ဖြိုခွဲလို့ နေ့စဉ် ရက်ဆက်ဆိုသလို လူသေဆုံးဒဏ်ရာရနေရတာကြောင့် ဆန္ဒပြသူဘက်က ပြန်လည်ခုခံဖို့ ပြင်ဆင်သွားမယ်လို့ TU အင်ဂျင်နီယာ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့ သပိတ်က ဖြိုခွဲမခံရသေးဘူး။ ဒါပေမဲ့ ဟိုဘက်အခြမ်းတွေ သံလမ်းတို့၊ အင်းစိန်တို့ပါ အင်းစိန်တို့ဘက်ကတော့ အသံလေးနည်းနည်းတော့ ကြားတယ်။ ပြီးတော့ ပိုဆိုးတာ ကျနော်တို့ အင်တာနက်လည်းပျက်သွားတဲ့အခါကျတော့ သတင်းအချိတ်အဆက်က နည်းနည်းတော့ လွတ်သွားတာပေ့ါ။ ဒါပေမဲ့ ကျနော်တို့ တတ်နိုင်သလောက်တော့ ချိတ်ဆက်ပြီးတော့ အဲ့ဒီလူတွေနဲ့ ဖုန်းဆက်လှမ်းမေး ဘာညာလုပ်ကြတယ်။ ကျနော်တို့ ဒီနေ့ကျနော်တို့ အနားတဝိုက်ပတ်ဝန်းကျင်ကတော့... အဲ့ဒီလှိုင်ပတ်ဝန်းကျင်ကတော့ ဘာအသံမှ အထွေအထူးသိပ်မကြားလိုက်ဘူး။ ဘာများပြောချင်လဲဆိုတော့ ကျနော်တို့က CRPH ရဲ့ instruction အတိုင်းပဲ ကျနော်တို့သွားမှာပဲ... ကျနော်တို့ ပြန်လည်ခုခံမယ်။ ခုခံမယ်ဆိုတဲ့ အတိုင်းအတာမှာ ကျနော်တို့ ပြည်သူတွေဆီကို အဲဒီလိုတော့ ကျော်မလာနဲ့ပေါ့။ တတ်နိုင်သလောက် ရှိတဲ့ အင်အားနဲ့ ရှိသမျှနည်းလမ်းတွေ ခုခံသွားမယ်။”

စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက နေ့စဉ် အကြမ်းဖက် ပစ်သတ်ဖြိုခွဲမှုကြောင့် ဆန္ဒပြလူအင်အား လျော့နည်းသွားပေမဲ့ ဆန္ဒပြမှုတွေကတော့ ရန်ကုန် နေရာအနှံ့အပြားမှာ ဆက်ရှိနေပါတယ်။ သေဆုံးဒဏ်ရာရမှုတွေ များတာကြောင့် ဆန္ဒပြအရေအတွက်နည်းလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တချို့ကျတော့ ဘယ်လိုပြောမလဲ လမ်းပေါ်ထွက်ပြီးပေါ့၊ ပူးပေါင်းပေးကြပါ.. ဘာညာပြောတော့။ တချို့ကျလည်း ကြောက်လို့၊ တချို့ကျတော့လည်း ဘာ plan မှ မရှိဘဲနဲ့ ထွက်ပြီးတော့.. အသေမခံနိုင်ဘူးပေါ့နော်။ plan တွေ သေချာစီစဉ်ပြီးမှ ထွက်ဖို့ ဘာညာပြောနေကြတယ်။”

စမ်းချောင်းမြို့ ဗဟိုလမ်းပေါ်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်ကိုလည်း အသံဗုံး၊ မျက်ရည်ယိုဗုံး၊ သေနတ်ပစ်ဖောက် ဖြိုခွဲခဲ့ပါတယ်။ ဒါပေမဲ့ ရဲတွေက နောက်ပြန်ဆုတ်လိုက်တာနဲ့ ဆန္ဒပြသူတွေ ပြန်စုရုံပြီးတော့ ဆန္ဒဆက်ပြနေကြပါတယ်။ ဒီနေ့ မနက်ပိုင်းကလည်း သာကေတမြို့နယ်က သပိတ်စစ်ကြောင်းကို လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနှိမ်နင်းမှုတွေ ရှိခဲ့ပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/yangon-myanmar-military-coup-protest/5816346.html

ရန်ကုန်တိုင်းတွင်း ဆန္ဒပြမှုများဆက်ရှိ၊ ပစ်ခတ်မှုကြောင့်တဦးထက်မနည်း သေဆုံး ရန်ကုန်တိုင်းတွင်း ဆန္ဒပြမှုများဆက်ရှိ၊ ပစ်ခတ်မှုကြောင့်တဦးထက်မနည်း သေဆုံး Reviewed by THITHTOOLWIN on 00:00 Rating: 5

No comments:

Powered by Blogger.