ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှု အနည်းဆုံး ၁၀ ဦးသေဆုံး


စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူတွေ ဖမ်းဆီးခံရတာ သေဆုံးတာတွေရှိနေပေမယ့် နိုင်ငံအနှံ့ မြို့တော်များ များမှာ ဆန္ဒပြသူတွေ အများအပြားဆက်ရှိနေပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ဆန္ဒပြသူတွေကို အကြမ်း ဖက်ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူ အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဆယ်နဲ့ချီရှိခဲ့ပါတယ်။

စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြတောင်းဆိုသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့မှာလည်း အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။ အဲဒီလိုဖြိုခွင်းတာကြောင့် ဒီနေ့ထိခိုက်သေဆုံးမှု အများဆုံးဟာ မကွေးတိုင်း၊ မြိုင်မြို့က ဖြစ်ပါတယ်။

စစ်တပ်နဲ့ ရဲကပစ်လို့ မြိုင်မြို့မှာ ဆန္ဒပြသူ ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးဝန်းကျင်ရှိကြောင်း ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုသူ မြိုင်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

မကွေးမြို့မှာလည်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းနေပါတယ်။ အဲဒါကြောင့် ဆန္ဒပြသူတွေက ရပ်ကွက်အတွင်းလမ်းတွေထဲဝင်ပြီး ဆက်လက်ဆန္ဒပြနေပါတယ်။ တောင်းဆိုချက်တွေရတဲ့အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့ ကျောင်းသူတစ်ဦးက ပြောပါတယ်။
“သမီးတို့ စစ်အာဏာရှင် အလိုမရှိဘူးဆိုတာက ကျောင်းသားတွေ ရသင့်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရတယ်။ သမီးတို့ကျောင်းသားတွေ အဖမ်းခံနေရတယ်။ အဲဒါကြောင့်မို့ သူတို့အတွက်ကိုလည်း ဆက်ပြီးတော့ တိုက်ပွဲဝင်နေရတယ်။ ဆက်ပြီးတော့ လုပ်တဲ့အခါကျတော့ ကြုံရတဲ့အခက်အခဲတွေက သူတို့ကပြည်သူကို ဆန္ဒပြလို့ ဖြိုခွဲတဲ့အဆင့်တင် မဟုတ်ဘူး သက်သက်မဲ့ တကယ့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အကြမ်းဖက်နေတဲ့အဆင့်တွေကို ရောက်နေပါတယ်။ ကျောင်းသားတွေ ငြိမ်ငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ဥစ္စာကိုပဲ မျက်ရည်ယိုဗုံးတွေနဲ့ပစ်တာ သေနတ်တွေနဲ့ ပစ်တာဆိုတော့ သမီးတို့ကျောင်းက ကျောင်းသားတစ်ယောက် သေနတ်မှန်သွားတယ်။ ကျောင်းသားအခွင့်အရေး ချိုးဖောက်ပြီးတော့ ဒီကျောင်းသားကို ရန်ရှာနေတဲ့အတွက် ကျောင်းသားထုရဲ့ အခွင့်အရေးကို ကာကွယ်တဲ့အနေနဲ့ သမီးတို့ဟာ ဆက်လက်ဆန္ဒပြနေတာဖြစ်တယ်။”

မကွေးမြို့ အောင်မေတ္တာရပ်ကွက်က ပြည်သူတွေကလည်း ရပ်ကွက်အတွင်းမှာပဲ ဆန္ဒပြခဲ့ပါတယ်။

ရန်ကုန်မြို့မှာလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး အကြမ်းဖက်ဖြိုခွင်းနေပါတယ်။ မြောက်ဒဂုံမြို့နယ်က ဆန္ဒပြသူတွေ ဒီနေ့မနက်ဖြိုခွင်းခံရတာကြောင့် ဦးခေါင်းမှာ ကျည်ထိမှန်သူတစ်ဦး နေရာမှာတင် သေဆုံးခဲ့ပါတယ်။

ပစ်ခတ်မှုတွေကြားထဲမှာ ပြည်သူကို ကာကွယ်ပေးရင်း ကျည်ထိမှန်သေဆုံးသွားတာလို့ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စခန်းတွေရှေ့မှာ ဒိုင်းအကာလုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

နောက်ထပ် ကျည်ထိမှန်သူ နှစ်ဦးရှိပြီး အဲဒီထဲက တစ်ဦးက စိုးရိမ်ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အဲဒီကျည်ထိမှန်သူတွေအပြင် တခြားထိခိုက်ဒဏ်ရာရသူတချို့လည်းရှိတယ်လို့ ဆန္ဒပြသူတွေက ပြော ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပြန်သွားချိန်မှာတော့ မြောက်ဒဂုံက ပြည်သူတွေက ကျဆုံးသူအတွက် စုပေါင်း ဆုတောင်း ခဲ့ကြပါတယ်။

ပဲခူးမြို့မှာလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီနေ့ သေနတ်ပစ်ခတ် အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် တစ်ဦးသေဆုံးပါတယ်။ နောက်ထပ်တစ်ဦးလည်း ခြေထောက်မှာ ကျည်ထိမှန်ခဲ့ပေမယ့် စိုးရိမ်စရာမရှိကြောင်း ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာလည်း လမ်း ၉၀ ကိုးလုံးတကာဘုရားအနီး ဆန္ဒပြနေတဲ့သူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ အဲဒီလိုဖြိုခွင်းတာကြောင့် အမျိုးသားတစ်ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူ ၃၀ ဝန်းကျင်ရှိပါတယ်။ သေဆုံးသွားသူရဲ့ ခန္ဓာကိုယ်ကို စစ်တပ်က ယူသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုလို့ မရသေးပါဘူး။ မန္တလေးမြို့မှာ ဒီနေ့ဆန္ဒပြသူ အနည်းဆုံး ၂၀ ဦး ဖမ်းဆီး ခံခဲ့ရပါတယ်။ နေ့လယ်ပိုင်းမှာတော့ မန္တလေးမြို့ဒေသခံတွေဟာ ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒပြခဲ့ကြ ပါတယ်။

မြင်းခြံမြို့မှာလည်း မနေ့ကဆန္ဒပြပွဲမှာ သေနတ်ထိမှန်ခဲ့သူတစ်ဦး ဒီနေ့သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း စစ်အာဏာရှင်ဆန့်ကျင်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေ ရှိနေပေမယ် ဒေသခံတွေက ဒီနေ့လည်း ဆက်လက်ဆန္ဒပြခဲ့ပါတယ်။

မနေ့ညကလည်း ဒေသခံတစ်ဦးကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုက လူမှုကွန်ရက်မှာရေးထားပါတယ်။ လက်ရှိအချိန်ထိ ကလေးမြို့မှာ ဖမ်းဆီးခံရသူ ငါးဦး ရှိပါတယ်။ ဆန္ဒပြသူ တွေကတော့ ရပ်ကွက်ကျေးရွာ အနှံ့အပြားမှာ ဆက်လက်ဆန္ဒပြနေပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စစ်အာဏာရှင်ကန့်ကွက် ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေပါတယ်။ မြစ်ဝကျွန်းပေါ်တော်လှန်ရေးတပ်ဦး ပင်မစစ်ကြောင်းက လူငယ်တွေကို အမှတ် ၁၄ ရပ် ကွက်မှာ ဆန္ဒပြဖို့ ပြင်ဆင်နေချိန် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့တာပါ။ ဆန္ဒပြလူငယ်တွေက လဘက်ရည် ဆိုင်မှာ ရှိနေချိန်ဝင်ရောက် ဖမ်းဆီးခဲ့တာကြောင့် ခုနစ်ဦး ဖမ်းဆီးခံလိုက်ရပါတယ်။ ဒါကြောင့် ဆန္ဒပြသူ တွေက အမှတ် ၇ နဲ့ ၈ ရပ်ကွက်တွေမှာ ပြောင်းပြီး ဆန္ဒပြခဲ့ပါတယ်။

ချင်းပြည်နယ်က မြို့နယ်တွေမှာလည်း စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြပွဲတွေ ဒီနေ့မှာလည်း ဆက်ရှိနေ ပါတယ်။ ထန်တလန်မြို့က လူငယ်တစ်ဦးနဲ့ မတူပီမြို့က လူငယ် လေးဦးကို စစ်တပ်က မနေ့ညမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်တလန်မြို့က အဖမ်းဆီးခံရသူဟာ ထန်တလန်မြို့အဝင်ဂိတ်မှာ ဈေးရောင်းသူဖြစ်ပြီး ချင်းပြည်နယ်က CDM လုပ်တဲ့ စစ်ဗိုလ်အရာရှိနဲ့ ပတ်သက်ပြီး စစ်မေးစရာရှိတယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ ထန်တလန်ဒေသခံ တစ်ဦးက ပြောပါတယ်။

“အဖမ်းခံရတဲ့ကောင်လေးက ဆိုင်ပိုင်ရှင်ကောင်လေး။ တက္ကသိုလ်ကျောင်းသားဖြစ်တယ်။ တပ်မတော် အရာရှိတစ်ယောက် CDM ဝင်သွားလည်း သူမသိဘူး။ သူက ဟားခါးသွားရင်းနဲ့ ဆိုင်တင်ဖို့ ပစ္စည်းသွား ဝယ်တော့ အဲဒီအရာရှိက လိုက်သွားတာ။ ဟားခါးအထိပဲ သွားတာပေါ့။ CDM မဝင်သေးဘူး။ နောက် နှစ်ရက်၊ သုံးရက်လောက်မှာပဲ CDM ဝင်သွားပြီး မရှိမှန်းသိတဲ့အချိန်ကျတော့ ဘယ်နေ့က သွားတာလဲ။ ဘယ်သူနဲ့ သွားတာလဲဆိုပြီးတော့ နောက်ကလိုက်လာတဲ့အခါမှာ အဲဒီဂိတ်နားက ဆိုင်ရှင်ကောင်လေး ဆိုင်ကယ်နဲ့ ဟားခါးသွားတယ်လို့ သိရတယ်။ အဲဒါကြောင့် စစ်မေးဖို့ဆိုပြီး ဖမ်းသွားတာ။”

မတူပီမြို့မှာတော့ မနေ့ကည ၈ နာရီလောက်မှာ သွားလာနေတဲ့ လူငယ် လေးဦးကို စစ်တပ်က ဖမ်းဆီး သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံရှေ့မှာ စစ်အာဏာရှင်တိုက်ဖျက်ရေး ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ပစ်ဖောက်ပြီး ဒီနေ့ အကြမ်းဖက် ဖြိုခွဲခဲ့ပါတယ်။ အဲဒီလိုဖြိုခွဲတာကြောင့် ရာဘာကျည်ထိမှန်းပြီး ဒဏ်ရာရသူတွေလည်းရှိပါတယ်။ ထိခိုက်ဒဏ်ရာရသူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာလည်း မွန်လူငယ်တွေစုပြီး ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီ မွန်လူငယ် တွေဟာ ဇေယျာ (၂) ရပ်ကွက်မှာ ဆန္ဒပြဖို့စီစဉ်ထားပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နေရာယူထားတာကြောင့် မြိုင်သာယာပန်းခြံရှေ့မှာ ဆန္ဒပြခဲ့တာပါ။

ဆန္ဒပြသူတွေက အာဏာရှင်ဟူသမျှ ဆန့်ကျင်တိုက်ဖျက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံပေါ်ပေါက်ရေး၊ အမျိုးသားတန်းတူအခွင့်အရေးရရှိဖို့နဲ့ မတရားဖမ်းဆီးခံရသူ အားလုံး ပြန်လွှတ်ပေးရေးတို့ကို တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ကျိုက်ထိုမြို့မှာလည်း စစ်အာဏာရှင်ကန့်ကွက်သူတွေက မြို့တွင်းမှာ လှည့်လည် ဆန္ဒပြခဲ့ပါတယ်။

အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ သေဆုံးနေရတဲ့အတွက် We Need R2P in Myanmar လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ခဲ့ကြပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာလည်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြသူ တချို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ ဒဏ်ရာတွေက စိုးရိမ်စရာမရှိကြောင်း ကူညီပေးနေသူ တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲနေတာကြောင့် ထိခိုက်သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေ နေ့စဉ်ရက်ဆက်ဆိုသလိုရှိနေပါတယ်။ RFA က ကောက်ယူထားတဲ့စာရင်းတွေအရ မနေ့ကထိသေဆုံးသူ ၅၈ ဦးရှိပြီး ဒီနေ့သေဆုံးသူ ၁၀ ဦးနဲ့ ဆိုရင် စုစုပေါင်း သေဆုံးသူ ၆၈ ဦး ရှိနေပါပြီ။ အခုလို ထိခိုက်သေဆုံးတာတွေများလာပေမယ့် စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြ သူတွေကတော့ နည်းလမ်းအမျိုးမျိုးနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြသူအများစုကတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကိုရှောင်ပြီး ဆက်လက်ဆန္ဒပြနေတာဖြစ်ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကလည်း အခုနောက်ပိုင်း အရပ်သားကားတွေစီးပြီး ဆန္ဒပြသူတွေကို လိုက်လံဖြိုခွင်းနေ ပါတယ်။

RFA Burmese



ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှု အနည်းဆုံး ၁၀ ဦးသေဆုံး ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှု အနည်းဆုံး ၁၀ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:31 Rating: 5

No comments:

Powered by Blogger.