ကလေးမြို့မှာ ချင်းလူငယ်သုံးဦး ဒီနေ့ပစ်သတ်ခံရ

ကလေးမြို့မှာ ချင်းလူငယ်သုံးဦး ဒီနေ့ပစ်သတ်ခံရ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွဲပြီးနောက် မြင်ကွင်း။ Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွဲခဲ့တာကြောင့် ဒီကနေ့ သုံးဦး ကျဆုံးသွားပါတယ်။

သေဆုံးသူ ၃ ဦးစလုံးဟာ ချင်းလူမျိုးတွေဖြစ်ပြီး ကလေးမြို့၊ တောင်ဖီလာရပ်ကွက်က ဆလိုင်းကျုံးလျန်ကျဲအို(၂၅ နှစ်)၊ ခိုင်ကမ်းမြို့ကကိုကျင့်ခန့်မာန်(၂၇ နှစ်) နဲ့ တီးတိန်မြို့၊ ထေးဇန်ကျေးရွာက မောင်ဒိုဆွမ်ကိမ်း(၂၀ နှစ်) တို့ဖြစ်ပါတယ်။

ဒီကနေ့ ညနေ ၇ နာရီအထိ ကလေးမြို့မှာ ရဲတပ်ဖွဲ့၊ စစ်သားတွေနဲ့ ဆန္ဒပြသူတွေကြား အခြေအနေတင်းမာနေပါတယ်။

“မနက် ၈နာရီခွဲလောက်ကစပြီး ဆန္ဒပြကြတယ်။မြို့မ တောင်သာဘက်မှာ ဆန္ဒပြသပိတ်တွေ လုပ်တာပေါ့နော်။ အဲ့မှာ ရဲတွေ၊ စစ်သားတွေ လိုက်ပြီး ဖြိုခွင်းတယ်။ ပြီးတော့ သူတို့ဖြိုခွင်းနေတဲ့အချိန်မှာ ဆန္ဒပြသူတချို့ ပိတ်မိနေကြတယ်။ ကျွန်တော်တို့ ဆန္ဒပြသပိတ်မှာ မလိုက်တဲ့သူတွေက သွားကူပေးတယ်ပေါ့နော်။ ကယ်ထုတ်တာ။ ကယ်ထုတ်တဲ့ နေရာကနေပြီးတော့မှ ကလေးမလေးတစ်ယောက်က ပိတ်မိသွားလို့ သူ့အစ်ကိုက သွားကယ်ရင်းနဲ့ ဆုံးသွားတယ်။ နောက်တစ်ယောက်ကျတော့ ၃နာရီ ဝန်းကျင်လောက်မှာ အဲ့လူက ဆန္ဒပြပြီးတဲ့အခါကျမှ ရဲတွေနဲ့ဆန္ဒပြတဲ့သူတွေကြား ပိုပြီးတင်းမာလာတယ်။ ပြည်သူတွေကလည်း လက်မလျှော့ မီးတွေရှို့၊ လမ်းတွေပိတ်၊ ရဲတွေကလည်း သေနတ်တွေနဲ့ ပြန်ပစ်တာပေါ့နော်။ ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့က လာတဲ့တစ်ယောက် အပစ်ခံရတာ။” လို့ ကလေးမြို့ခံတစ်ဦးက RFAကို ပြောပါတယ်။

ဒီနေ့ဆန္ဒပြရာမှာ ရှေ့တန်းကနေ ဆန္ဒပြဦးဆောင်ခဲ့ပြီး ကျဆုံးသွားသူ မောင်ဒိုဆွမ်ကိမ်းရဲ့ အလောင်းကို ရဲနဲ့စစ်သားတွေက ယူထားပြီး ညနေအထိ ပြန်မရသေးဘူးလို့ ဆိုပါတယ်။ ဆန္ဒပြရာမှာ အဖမ်းဆီးခံရသူ အများအပြားရှိနေပြီး အခုအချိန်အထိ ပိတ်မိနေတာကြောင့် အဆက်အသွယ်မရသေးတဲ့သူတွေ ရှိနေသေးတယ်လို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/sagaing-riot-three-residents-got-killed-03172021131135.html

ကလေးမြို့မှာ ချင်းလူငယ်သုံးဦး ဒီနေ့ပစ်သတ်ခံရ  ကလေးမြို့မှာ ချင်းလူငယ်သုံးဦး ဒီနေ့ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 06:36 Rating: 5

No comments:

Powered by Blogger.