မြန်မာလူထုကို နိုင်ငံတကာ အကာအကွယ်ပေးဖို့ ကုလအရာရှိကြီး ၂ ဦး တိုက်တွန်း

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet. (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲမှုတွေ မတ်လ ၂၇ ရက်နေ့က အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနိုင်ကြောင်း ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Alice Wairimu Nderitu နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet တို့က ဒီကနေ့ ပူးတွဲသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အပေါ် အခြေခံပြီး အရေးယူမှုတွေ ထပ်မံလုပ်ဆောင်ဖို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံရေးပုဂ္ဂိုလ်က တောင်းဆိုလိုက်ပြီး အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံသားတွေအပေါ် ညှဉ်းပန်းသတ်ဖြတ်နေမှုတွေကနေ ကာကွယ်ပေးဖို့ R2P လို့ခေါ်တဲ့ အကာကွယ်ပေးရန်အတွက် တာဝန်ရှိမှုကို ချက်ချင်း ချမှတ်ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က တိုက်တွန်းထားပါတယ်။

ကိုယ့်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ် ဆိုပေမယ့် အဲဒီလို အကာအကွယ်ပေးဖို့ အစိုးရဘက်က ပျက်ကွက်ခဲ့ရင် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခံနေရတဲ့ အဲဒီ ပြည်သူလူထုကို နိုင်ငံတကာ အသိုင်းအဝိုင်းက အချိန်မီ ကြားဝင်ဆောင်ရွက်ပေးရမယ့် တာဝန်ရှိကြောင်း Ms. Nderitu က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ စစ်တပ်က လူသေစေနိုင်တဲ့ လက်နက်တွေ အသုံးပြုနေတာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စနစ်တကျ အရှိန်မြှင့် တိုက်ခိုက်နေတာတွေ အပါအဝင် စစ်တပ်က ကျူးလွန်နေတဲ့ တခြား ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂ အရာရှိကြီး ၂ ဦးက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ခိုင်လုံတဲ့အကြောင်းပြချက် မရှိဘဲ ထောင်ပေါင်းများစွာသော ပြည်သူတွေ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး အများစုဟာလည်း ပျောက်ဆုံးနေကြောင်း၊ မတ်လ ၂၇ ရက် စနေနေ့ကတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ နေ့တနေ့ဖြစ်ကြောင်း၊ ယုံကြည်ရတဲ့ သတင်းပေးပို့ချက်တွေအရ လူပေါင်း ၁၀၇ ဦး သေဆုံးခဲ့တာမှာ ကလေးငယ် ၇ ဦး ပါဝင်ကြောင်း၊ ဒီ သေဆုံးတဲ့ အရေအတွက်ဟာ ပိုပြီး များလာနိုင်ကြောင်းလည်း ကုလသမဂ္ဂ အရာရှိ ၂ ဦးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ သူတို့က အကာအကွယ်ပေးရမယ့် ကိုယ့်ပြည်သူတွေကို သတ်ဖြတ်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း ကုလသမဂ္ဂ အရာရှိ ၂ ဦးက တောင်းဆိုထားပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/un-officials-condemn-attack-on-peaceful-protesters/5831300.html

မြန်မာလူထုကို နိုင်ငံတကာ အကာအကွယ်ပေးဖို့ ကုလအရာရှိကြီး ၂ ဦး တိုက်တွန်း မြန်မာလူထုကို နိုင်ငံတကာ အကာအကွယ်ပေးဖို့ ကုလအရာရှိကြီး ၂ ဦး တိုက်တွန်း Reviewed by THITHTOOLWIN on 04:34 Rating: 5

No comments:

Powered by Blogger.