ဆန္ဒပြသူတွေအတွက် ဒိုင်းလုပ်ပေးသူကိုမတွေ့လို့ ဇနီးဖြစ်သူအပါအဝင် လူ ၈ ဦးကို ဖမ်းဆီး







မတ် ၁၀-၂၀၂၁

ဒီနေ့ မတ်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီခွဲက မြစ်ကြီးနားမြို့ ရာကျော်သံပန်းသံတံခါး လုပ်ငန်းပိုင်ရှင် ဦးအောင်လွင်ကို ရဲတပ်ဖွဲ့က လာဖမ်းတာမှာ မတွေ့ရှိတဲ့အတွက် ဇနီးဖြစ်သူနဲ့ အမျိုးသား ၇ ဦးကို ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

အဖမ်းခံရသူတွေဟာ အနောက်လယ်ကုန်း နယ်မြေ ၁၄၊ မြစေတီကျောင်းလမ်း အနီးမှာနေတဲ့ ရာကျော်သံပန်းသံတံခါး လုပ်ငန်းပိုင်ရှင် ကိုအောင်လွင်ရဲ့ ဇနီး၊ အစ်ကို၊ ညီဝမ်းကွဲ တော်စပ်သူနဲ့ မြို့သစ်ကြီးကွက်သစ်ရပ်ကွက်မှာရှိတဲ့ ရာကျော် သံပန်းသံတံခါးလုပ်ငန်းက အလုပ်သမားလူငယ် ၅ ဦးတို့ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ဦးအောင်လွင် ရှိလာလို့ လာမေးပြီး ဒီနားမှာ သတင်းရလို့ ဝင်ရှာချင်လို့ပါလို့ပြောကာ အိမ်အတွင်း ဝင်ရှာရာ မီးစက်၊ ဒိုင်း အခု ၂၀ ဝန်းကျင်နဲ့ ဒိုင်း လုပ်တဲ့ပစ္စည်းတွေကိုပါ သိမ်းသွားတယ်လို့ သိရပါတယ်။

" ဝရမ်းတွေဘာတွေ မပြဘူး ဒါက ရပ်ကွက်လူကြီးတွေ ပါတယ်ဆိုပြီး ကိုအောင်လွင့် ဓာတ်ပုံကိုပြပြီးတော့မေးတယ် ဖုန်းနံပါတ်တောင်းတယ် ပေးလိုက်တယ် ၊ ဓာတ်ပုံတောင်းတယ် ။ ကျမတို့မှာ တကယ်မရှိလို့ မပေးလိုက်ဘူး ဆေးမှုတ်တဲ့ပစ္စည်း ၊ ဝရိန်ဆော်တဲ့ဟာတွေ သိမ်းသွားတယ် ပစ္စည်းတွေဘာတွေ သိမ်းပြီးလက်မှတ်ထိုးခိုင်းသွားတယ် ဖမ်းသွားတဲ့အစ်မကို ဇနီးအနေနဲ့ လက်မှတ်ထိုးခိုင်းလို့ ထိုးပေးလိုက်ရတယ်။ ဒီပစ္စည်းတွေသိမ်းတဲ့အကြောင်း လက်မှတ်ထိုးတာဆိုပြီး ထိုးခိုင်းသွားတာ သူတို့က ဒီလိုမျိုးလုပ်ထားတော့ (စာရွက်ကိုခေါက်ဖုံးပြ) ဘာရေးတယ် မဖတ်လိုက်ရဘူး၊ ၂ ရွက်ထိုးပေးလိုက်ရတယ် အောက်ကစာရွက်က ဘာမှမပါဘူး(ဗလာစာရွက်) အဲ့ဒီအပေါ်မှာ နမူနာအဖြစ်ဆိုပြီး ထိုးခိုင်းသွားတယ် ရေးပြီးသားစာရွက်ကို အပေါ်ကထိုးခိုင်းပြီး အောက်က နမူနာအဖြစ်ထိုးပေးပါဆိုပြီး ထိုးပေးလိုက်တာ" လို့ ကိုအောင်လွင်ရဲ့ အစ်မဖြစ်သူက သူကြုံခဲ့ရတာကို ပြောပါတယ်။ 

ဖမ်းခံရသူတွေကို မြစ်ကြီးနားမြို့ အမှတ် - ၂ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ကိုအောင်လွင်ရဲ့ အစ်ကို ဦးအေးလွင်ကိုတော့ ကိုင်ဆောင်တဲ့လက်ကိုင်ဖုန်းကိုစစ်ပြီး ဘာမှမတွေ့လို့ ဖမ်းပြီးသိပ်မကြာခင်မှာပဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ 

ရာကျော်သံပန်းသံတံခါး လုပ်ငန်းနဲ့ ပတ်စပ်ဆက်ပြီး အဖမ်းခံရသူ ၈ ဦးထဲက တစ်ဦး လွှတ်ပေးထားလို့ ၇ ဦးအဖမ်းခံထားရဆဲ ဖြစ်ပါတယ်။ လယ်ကုန်းရပ်ကွက်အတွင်းက အဖမ်းခံထားရဆဲဖြစ်တဲ့ အမျိုးသမီးဟာ သံပန်းသံတံခါး လုပ်ကိုင်ခြင်းမရှိသလို အမျိုးသားတစ်ဦးကလည်း လက်သမားလုပ်ငန်းလုပ်ကိုင်သူသာဖြစ်တယ်လို့ သူ့ရဲ့ အစ်မက ပြောပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဆန္ဒပြသူတွေအတွက် ဒိုင်းလုပ်ပေးသူကိုမတွေ့လို့ ဇနီးဖြစ်သူအပါအဝင် လူ ၈ ဦးကို ဖမ်းဆီး ဆန္ဒပြသူတွေအတွက် ဒိုင်းလုပ်ပေးသူကိုမတွေ့လို့ ဇနီးဖြစ်သူအပါအဝင် လူ ၈ ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 00:24 Rating: 5

No comments:

Powered by Blogger.