စစ်အာဏာရှင်ကန့်ကွက်သူတွေ နေရာအသီးသီးမှာ ဆက်လက် ဆန္ဒပြနေ



စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် မနေ့က တစ်ရက် တည်းမှာတင် အနည်းဆုံး ၂၅ ဦးကျော် သေဆုံးခဲ့ပေမယ့် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ မြို့တွေမှာတင် ဆန္ဒပြသူတွေ ကတော့ ဒီနေ့မှာလည်း ဆက်ရှိနေပါတယ်။

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ဆန္ဒပြနေသူတွေရဲ့ ကျွန်းတောလမ်း သပိတ်စခန်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မီးခိုးဗုံးတွေသုံးပြီး ဒီနေ့မနက် ၁၀ နာရီကျော်က စတင်ဖြိုခွဲခဲ့ပါတယ်။ ဆန္ဒပြနေသူတွေကတော့ ခဏရှောင်ပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့က ဆန္ဒပြသူတွေကို မနေ့ညနေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လူပေါင်းများစွာ ထိခိုက်သေဆုံးခဲ့ရတဲ့ မြောက်ဥက္ကလာပမြို့နယ်မှာလည်း ဆန္ဒပြသူတွေဟာ ကန်သာယာလမ်းဆုံအနီးမှာ ဒီနေ့ ဆက်လက်ဆန္ဒပြခဲ့ပါတယ်။

မနေ့က သေဆုံးသွားသူတွေရဲ့ အလောင်းတွေ မြောက်ဥက္ကလာပဆေးရုံမှာ ရှိနေပြီး မိသားစုဝင်တွေက ဒီနေ့ မနက်မှာ လာရောက်ထုတ်ယူ ခဲ့ကြပါတယ်။

သေနတ်ထိမှန် သေဆုံးခဲ့တဲ့ ကိုဖိုးချစ်ရဲ့ဇနီး မသက်စုက မနေ့ညနေ ၄ နာရီကျော်က အိပ်ပြန်လာဖို့ ခေါ်ခဲ့ကြောင်း ပြောပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDMမှာ ပါဝင်နေတဲ့ ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့က ယာယီရဲမှူး တင်မင်းထွန်း က မြောက်ဥက္ကလာက လက်နက်မဲ့ ပြည်သူတွေကို သေနတ်ပစ်ခတ်ဖြိုခွင်းတာနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသူတွေကို ရိုက်နှက်ဖမ်းဆီးသွားတာတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ CDM လှုပ်ရှားမှုမှာ အမြန်ဆုံး ပူးပေါင်းပါဝင်လာဖို့လည်း ရဲမှူး တင်မင်းထွန်းက တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် နောက်ထပ်လူငယ်တွေ ထပ်မံသေဆုံးတာတွေ မဖြစ်ရအောင် လူကြီးတွေအနေနဲ့ ကြီးကြပ်ပေးကြဖို့ ကိုလည်း ရဲမှူးတင်မင်းထွန်းက ပြောလိုက်ပါတယ်။

မနေ့ည ၁၂ နာရီ ဝန်းကျင်ကလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကားတွေက မြောက်ဥက္ကလာမြို့နယ် ခေမာသီလမ်း ပေါ်မှာ သေနတ် အချက်ပေါင်းများစွာ ပစ်ဖောက်ပြီး လှည့်ပတ် သွားလာခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် မနေ့က ဒေသခံ သုံးဦး သေဆုံးခဲ့တဲ့ မန္တလေးမြို့မှာလည်း ဆန္ဒပြသူ သောင်းနဲ့ချီပြီး မြို့တွင်းမှာ ဒီနေ့ဆက်လက် လှည့်လည် ဆန္ဒပြခဲ့ပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဘယ်လိုပဲ အကြမ်းဖက်ဖြိုခွဲနေပါစေ ပြည်သူတွေအနေနဲ့ အာဏာရှင် ပြုတ်ကျတဲ့အထိ ဆက်လက် ဆန္ဒပြတောင်းဆိုသွားမယ်လို့ မန္တလေးမြို့ခံ ဒေါက်တာ တေဇာစံက ပြောပါတယ်။

ဒီနေ့မနက်က မန္တလေးမြို့ ကောင်းကင်မှာ တပ်မတော်က တိုက်လေယာဉ်တွေ ပျံသန်းပြီး အများပြည်သူကို ခြောက်လှန့်ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေကတော့ မနက်ပိုင်းမှာရော နေ့လည်ပိုင်းမှာပါ ဆက်လက်ဆန္ဒပြခဲ့ပါတယ်။ မနေ့က ဆန္ဒပြရင်း လမ်း ၈၄ လမ်း ၃၀ မှာ သေဆုံးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် မကြယ်စင်ရဲ့ နာရေးအခမ်းအနားကို လမ်း ၈၀ ယူနန်ဗုဒ္ဓဘာသာကျောင်းမှာ ဒီနေ့လုပ်ခဲ့ပါတယ်။

အဲဒီနာရေးကို ဒေသခံတွေ သောင်းချီရှိခဲ့ပြီး လိုက်ပို့ခဲ့ပြီး မကြယ်စင်အတွက် ဂုဏ်ပြုပန်းစည်းနဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် လက်ဆောင်ပန်းစည်းတွေလည်း အများအပြား ပေးပို့လာကြပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့မှာ ဒီနေ့မနက် ၈ နာရီခွဲဝန်းကျင်က စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေတဲ့ လူစုကို ရဲကသေနတ်ပစ်ဖောက် လူစုခွဲခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ထိခိုက် ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဒီနေ့ သေနတ် ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။ အဲဒါကြောင့် ဆန္ဒပြသူတွေက ရပ်ကွက်လမ်းတွေထဲ ဝင်ပြေးပြီး လူစုခွဲလိုက်ပါတယ်။ ပစ်ခတ်ဖြိုခွဲတာကြောင့် ဖမ်းဆီးခံရသူနဲ့ ဒဏ်ရာရရှိသူ ရှိ၊ မရှိ ကိုတော့ မသိရှိရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကလေးမြို့က စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူတွေကို မတ်လ ၂ ရက်နေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ သေနတ်ပစ်ခတ် ဖြိုခွင်းခဲ့ရာမှာ ကျည်ထိမှန်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် မောင်ဇင်မျိုးမောင်ဟာ မနေ့က သေဆုံးသွားပါတယ်။

ကျည်ထိမှန်ထားတဲ့ ဒဏ်ရာကိုကုသဖို့ ကလေးမြို့ကနေ မန္တလေးမြို့ကို အသွားလမ်းမှာတင် သေဆုံး သွားတာလို့ မောင်ဇင်မျိုးမောင်ရဲ့ မိခင် ဒေါ်စုလှိုင်းဝင်းက ပြောပါတယ်။ အဲဒီဈာပနအခမ်းအနားကို မနက်ဖြန်မှာ လုပ်သွားမှာဖြစ်ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့က လမ်းဆုံတွေမှာ စစ်တပ်နဲ့ ရဲအင်အားအပြည့် ဒီနေ့ချထားပေမယ့် စစ်အာရှင် အလိုမရှိကြောင်း ဆန္ဒပြသူတွေဟာ ပျောက်ကျားပုံစံနဲ့ လုပ်နေပါတယ်။

ထားဝယ်မြို့အဝင်နဲ့ မြို့ထဲက လမ်းပေါ်တွေမှာ ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး စစ်ဆေးဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။

မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ကျောင်းသားတွေဦးဆောင်တဲ့ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြတာကို ဒီနေ့မနက်က ဒိုင်းဝန်ကွင်ဈေးနားမှာ လုပ်ခဲ့ပါတယ်။ အဲဒီနေရာကို စစ်ကားတွေနဲ့ ရဲကားတွေ ဝင်လာလို့မရအောင် ပြည်သူတွေက လမ်းပိတ်ပေးခဲ့ပါတယ်။

အလားတူ ကျိုက်ထိုမြို့မှာလည်း အာဏာသိမ်း စစ်ကောင်စီကို အလိုမရှိကြောင်း ဒေသခံ ၆၀၀၀ လောက်က အာဇာနည်ရင်ပြင်ကနေ ဒီနေ့မနက်က လှည့်လည် ဆန္ဒပြခဲ့ပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အတားဆီး တွေကို ရှောင်ကွင်းပြီး မြို့တွင်းမှာ ဆန္ဒပြခဲ့ကြတာပါ။

ကရင်ပြည်နယ်၊ ဘားအံမြို့မှာလည်း စစ်အာဏာကန့်ကွက်ဆန္ဒပြဖို့ လူငယ်တွေ ဒီနေ့မနက်က စုစည်း နေချိန်မှာ အရပ်ဝတ်နဲ့ ရဲတွေရောက်လာတာကြောင့် ဆန္ဒမပြတော့ဘဲ လူစုခွဲခဲ့ကြပါတယ်။ ဘားအံမြို့ နေရာ အတော်‌များများမှာလည်း အလားတူ ဖြစ်ခဲ့ပါတယ်။ ဘားအံမြို့က နေရာအတော်များများမှာ အရပ်ဝတ် ရဲနဲ့ စစ်သားတွေရှိနေပါတယ်။ ဘားအံလူငယ်အချို့တွေကတော့ ဆန္ဒပြလမ်းမလျှောက်ခဲ့ပေမယ့် စစ်အာဏာရှင် ဆန့်ကျင့်တဲ့ ဓါတ်ပုံလှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။

အလားတူ မြဝတီမြို့မှာလည်း လူငယ်တွေက ဆန္ဒပြဖို့လူစုရာမှာ အရပ်ဝတ်နဲ့ရဲတွေ ရောက်လာတာကြောင့် လူစုဖို့ အခက်ခဲရှိပြီး ဒီနေ့ဆန္ဒမပြ ဖြစ်တော့ဘူးလို့ မြဝတီမြို့ခံတစ်ဦးက ‌ပြောပါတယ်။

ကော့ကရိတ်မြို့မှာတော့ ကျေးရွာတွေက ပြည်သူတွေ အင်အား ငါးရာကျော်လောက်ဟာ ကော့ကရိတ်မြို့က ဒေသခံတွေနဲ့ ပူးပေါင်းဆန္ဒပြဖို့ မြို့ပေါ်ကို တက်လာခဲ့ပါတယ်။ ရဲနဲ့စစ်တပ်က မြို့အဝင် အာရှလမ်းမမှာ ကြိုတင် လမ်းပိတ်ထားပါတယ်။ ဒါကြောင့် ကျေးရွာပြည်သူတွေကတော့ အဲမှာပဲ ထိုင်သပိတ်လုပ်ပြီး မွန်းလွဲပိုင်းမှာ လူစုခွဲခဲ့ကြပါတယ်။

စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်တာတွေ နေ့စဉ် ရှိနေပါတယ်။ RFA က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က တိုက်ခိုက်မှုတွေကြောင့် စစ်တပ် အာဏာသိမ်းလိုက်ချိန် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး မတ်လ ၃ ရက်နေ့အထိ သေဆုံးသွားရတဲ့ အရပ်သား ၅၀ ဦးထက်မနည်း ရှိသွားပြီဖြစ်ပါတယ်။

RFA Burmese



စစ်အာဏာရှင်ကန့်ကွက်သူတွေ နေရာအသီးသီးမှာ ဆက်လက် ဆန္ဒပြနေ စစ်အာဏာရှင်ကန့်ကွက်သူတွေ နေရာအသီးသီးမှာ ဆက်လက် ဆန္ဒပြနေ Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.