ဒေါ်အောင်ဆန်းစုကြည်ကို မောင်ဝိတ်က ဒေါ်လာ ၅ သိန်းခွဲလာဘ်ထိုးတယ်လို့ စွပ်စွဲ

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ရဲ့ထွက်ဆိုချက်ကို မြန်မာ့ရုပ်မြင်သံကြားက ကြေညာခဲ့ရာမှာအသံမသဲကွဲ

စေပိုင်ကုမ္ပဏီပိုင်ရှင်ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာ ၅ သိန်းခွဲ လာဘ်ထိုးခဲ့တယ်လို့ မြန်မာ့ရုပ်မြင်သံကြားက သတင်းထုတ်ပြန်စွပ်စွဲသွားပါတယ်။

၂၀၁၈ ခုနှစ်မေလမှာ ဒေါ်လာ ၁ သိန်းကို ဦးကျော်ဆန်း၊ ဦးလှမျိုးမိသားစုရှေ့မှာပဲ ဦးမောင်ဝိတ်က ပေးအပ်ခဲ့တယ်လို့ ကြေညာထားပြီး အဲဒီငွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူဒါန်းတာလို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၁ သိန်းခွဲ၊ ၂၀၂၀ ဖေဖော်ဝါရီလမှာ ဒေါ်လာ ၅ သောင်း၊ ၂၀၂၀ ခုဧပြီလမှာ ဒေါ်လာ ၂ သိန်းခွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဦးမောင်ဝိတ်က တစ်ဦးချင်းတွေ့ဆုံပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီစုစုပေါင်း ၄ သိန်းခွဲကို ၃ ကြိမ်ပေးအပ်မှုမှာ တခြားမျက်မြင်သက်သေမရှိဘူးလို့ဆိုပါတယ်။

ဦးမောင်ဝိတ်ရဲ့ထွက်ဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်လာ ၅ သိန်းခွဲ အဂတိလိုက်စားမှုရှိတယ်လို့စွပ်စွဲထားပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်ကို ဒေါ်လာ ၁ သိန်းခွဲလှူဒါန်းတာဟာ ဘာ့ကြောင့် အဂတိ လိုက်စားမှုမြောက်ကြောင်း ရှင်းရှင်းလင်းလင်း ပြောဆိုမထားပါဘူး။


မျက်မြင်သက်သေမရှိတဲ့ ကျန်တဲ့ ဒေါ်လာ ၄ သိန်းခွဲဆိုတာကို ဘာ့အတွက်ပေးအပ်သလဲ ဆိုတာကိုလည်း ရှင်းမထားပါဘူး။

ဦးမောင်ဝိတ်ရဲ့ပြောကြားချက်ကို ကြိုတင်မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုဖွင့်ပြခဲ့ပေမဲ့ အဲ့ဒီဗီဒီယိုမှတ်တမ်းရဲ့ အရည်အသွေးဟာ အလွန်နိမ့်ကျတဲ့အတွက် အသံကို ရှင်းရှင်းလင်းသဲသဲကွဲကွဲမကြားရပါဘူး။ သတင်းတင်ဆက်သူက ပြန်လည်ပြောဆိုချက်ကိုသာ သဲသဲကွဲကွဲကြားရပါတယ်။

မကြာခင်ရက်ပိုင်းတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်လာ ၆ သိန်းနဲ့ ရွှေ ၇ ပိဿာပေးအပ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ ဦးဖြိုးမင်းသိန်းရဲ့ဗီဒီယိုကိုမပြသခဲ့ပါဘူး။

အခုစွပ်စွဲချက်နဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေမဲ့ ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်ကိုတော့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်ကပြောဆိုပယ်ချခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-56433800

ဒေါ်အောင်ဆန်းစုကြည်ကို မောင်ဝိတ်က ဒေါ်လာ ၅ သိန်းခွဲလာဘ်ထိုးတယ်လို့ စွပ်စွဲ  ဒေါ်အောင်ဆန်းစုကြည်ကို မောင်ဝိတ်က ဒေါ်လာ ၅ သိန်းခွဲလာဘ်ထိုးတယ်လို့ စွပ်စွဲ Reviewed by THITHTOOLWIN on 23:44 Rating: 5

No comments:

Powered by Blogger.