မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကန် နဲ့ ဗြိတိန် အမည်မည်း စာရင်း သတ်မှတ်

မှတ်တမ်းဓါတ်ပုံ - ၂၀၁၉မတ်လ တုန်းက ကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနား။

မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းခဲ့ပြီး၊ ဆန္ဒပြပြည်သူတွေ အသက်ဆုံးပါးတဲ့ အထိ ရက်ရက်စက်စက် နှိမ်နင်းနေတဲ့ မြန်မာစစ်တပ် ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို အမေရိကန်ပြည်ထောင်စုကရော ဗြိတိန်အစိုးရကပါ ကြာသပတေးနေ့မှာ အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက်မှုတွေနဲ့ မတရားပြုကျင့် နေတယ်လို့ အမေရိကန် အစိုးရက ပြောဆိုလိုက်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ မြန်မာစီးပွားရေးဦးပိုင် လီမိတက် MEHL နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့ကို ပစ်မှတ်ထား အရေးယူခဲ့တာပါ။ ဗြိတိန်အစိုးရကလည်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အပေါ် အလားတူ အရေးယူဒဏ်ခတ်ခဲ့ပြီး မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် အကြီးအကျယ် လူ့အခွင့်ရေး ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။

မြန်မာ့စီးပွားရေး ကဏ္ဍမှာ အတော်များများ ထိန်းချုပ်ထားတဲ့ ဒီစီးပွားရေး လုပ်ငန်းကြီး ၂ ခု က တာဝန်ရှိသူတွေဆီကတော့ တုံ့ပြန်ပြောဆိုမှု တစုံတရာ မတွေ့ရသေးပါဘူး။

အရက်ဘီယာနဲ့ စီးကရက်ကနေ ဆက်သွယ်ရေးလုပ်ငန်း၊ သတ္တုတူးဖေါ်ရေးနဲ့ အိမ်ခြံမြေ လုပ်ငန်း အထိ ပါဝင်တဲ့ မြန်မာစစ်တပ်ပိုင် ဒီစီးပွားရေးလုပ်ငန်ကြီးတွေအပေါ် အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ ကြာသပတေးနေ့ အရေးယူမှုဟာ မြန်မာစစ်တပ်စီးပွားရေးအတွက် အထိအနာစေဆုံး အရေးယူမှုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့ဗဟိုဘဏ်နဲ့ ထိပ်ပိုင်းစစ်ခေါင်းဆောင် တွေ အပေါ် ပစ်မှတ်ထား အရေးယူမှုတွေ လုပ်နေရာရကနေ အခု စစ်တပ်ပိုင် ဒီစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ အမေရိကန်နိုင်ငံတွင်း ပိုင်ဆိုင်မှုတွေကိုပါ ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးချိန်ကစလို့ သူ့ပြည်သူတွေ အပေါ်ဖိနှိပ်မှုတွေ တိုးလုပ်လာနေတာ တွေ့ရကြောင်း၊ ဒီအာဏာသိမ်းမှုကို ဦးဆောင်သူတွေ၊ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ဖိနှိပ်မှုတွေအတွက် ငွေကြေးပံ့ပိုးမှုတွေကို အဓိက ပစ်မှတ်ထား အရေးယူတာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောပါတယ်။

ဒီအာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေနဲ့ မကြာခင်သီတင်းပတ်တွေမှာ မြင်ခဲ့ရတဲ့ ရွံရှာစက်ဆုပ်ဖွယ် အကြမ်းဖက်မှုတွေနဲ့ မတရားပြုကျင့်မှုတွေ အတွက် တာဝန်ရှိသူတွေ တာဝန်ခံတာဝန်ယူမှု ရှိလာအောင် လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားတဲ့ အတိုင်း အမေရိကန်နဲ့ ဗြိတိန်တို့က အခုလို အရေးယူတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုလို အမေရိကန်က မြန်မာ့စီးပွားရေးဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့အပေါ် ပစ်မှတ်ထားအရေးယူမှုအတွက် HRW လူ့အခွင့်ရေး စောင့်ကြည့် အဖွဲ့ကြီးက ကြိုဆိုလိုက်ပါတယ်။ Global Witness လူ့အခွင့်ရေးအဖွဲ့ကြီးကလည်း ဗြိတိန်အနေနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကိုပါ အရေးယူဖို့တိုက်တွန်းလိုက်သလို အီးယူ ဥရောပသမဂ္ဂအနေနဲ့လည်း မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ် ပစ်မှတ်ထား အရေးယူဖို့ တိုက်တွန်းခဲ့ပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-uk-sanction-on-myanmar-military-own-companies-/5828690.html

မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကန် နဲ့ ဗြိတိန် အမည်မည်း စာရင်း သတ်မှတ် မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကန် နဲ့ ဗြိတိန် အမည်မည်း စာရင်း သတ်မှတ် Reviewed by THITHTOOLWIN on 05:53 Rating: 5

No comments:

Powered by Blogger.