ဖြိုခွဲမှုအတွင်း ပရဟိတသမားတွေ ကူညီဖို့ခက်ခဲ



သင်္ဃန်းကျွန်းမြို့နယ်မှာ ၁၄ ရက်နေ့က လူ ၆ ဦးအနည်းဆုံး သေဆုံးခဲ့ပါတယ်။ အဲဒီဒေသမှာ ဒဏ်ရာရလူနာတွေကို သွားရောက်သယ်ယူပြီး ဆေးရုံကိုပို့ဆောင်ခဲ့တဲ့ ပရဟိတအသင်းတာဝန်ခံ ဦးကိုကိုနိုင် က သူတို့ အနေနဲ့ လူနာတွေကို သွားရောက်ခေါ်ယူခဲ့ရတဲ့ အကြိမ်များလွန်းတဲ့အတွက် အရေအတွက်ကိုတောင် အတိအကျမမှတ်မိတော့ဘူးလို့ ပြောပါတယ်။

“၁၄ ရက်နေ့ ညနေပိုင်းလောက် ရဲစခန်းက မီးခိုးတွေထွက်လာတဲ့အချိန်မှာ သေနတ်သံတွေကြားတယ်၊ ကျနော်တို့ အွန်လိုင်းမှာဖွင့်ထားတဲ့ အက်ပလီကေးရှင်း တခုရှိတယ် အဲဒီအက်ပလီကေးရှင်းကနေပြီးတော့ ကလေးတယောက် ထိသွားတယ်။ ပေါင်ထိသွားတယ်ဆိုပြီး ဝင်လာတယ်။ ကျနော်တို့က ambulance လူနာတင်ယာဉ်ရှိတယ်ဆိုတော့ အဲဒီကလေးကိုဆွဲထုတ်ဖို့ လုပ်နေတဲ့အချိန်မှာပဲ တောက်လျှောက် သေနတ်သံတွေကြားပြီးနောက်ထပ် တောက်လျှောက်လူနာတွေ ပြုံဆင်းလာတာပဲ။ ရပ်ကွက်ထဲကလူတွေက အဲဒီလူနာတွေ အကုန်လုံးကို ကျနော်တို့ လူနာတင်ယာဉ်ရှိတဲ့နေရာကို ခက်ခက်ခဲခဲ လာပို့ပေးရတာ။ သူတို့သတ်မှတ်ထားတဲ့ ဧရိယာထဲ ကျော်ပြီး ကျနော်တို့ ဝင်သွားရင် ကျနော်တို့ကို ပစ်မှာ သေချာတယ်။ ကျနော်တို့ ကားပေါ်မှာပါလာတာ သွေးသံရဲရဲပဲ။ ဗိုက်ထိတဲ့သူရှိတယ် ခြေသလုံး ထိတဲ့သူရှိတယ် လက်မောင်းထိတဲ့သူ ရှိတယ် ကျနော်တို့ကားပေါ် ဘယ်နှစ်ယောက်ပါလာလဲ ဘယ်နှစ်ခေါက်ပို့ရလဲဆိုတာ ကျနော် မမှတ်မိတော့ဘူး၊ တင် တင် တင် ဆိုပြီး အကုန်ဆွဲတင်ပြီး မောင်းရတာပဲ”

ဒဏ်ရာရလူနာတွေ သွားရောက်သယ်ယူသူတွေကို တကယ့်စစ်မြေပြင်တွေမှာတောင် ပစ်ခတ်ခြင်းမပြုကြပါဘူး။ ဒါပေမယ့် မြန်မာပြည်မှာတော့ ဒဏ်ရာရလူနာကို ဆွဲယူဖို့ကြိုးစားသူတွေကိုပါ စစ်တပ်က ပစ်ခတ်နေပါပြီ။ သင်္ဃန်းကျွန်းမှာ ၁၄ ရက်နေ့က အဲဒီလို ဒဏ်ရာရသူတဦးကို ဆွဲယူဖို့ကြိုးစားတဲ့ လူငယ်တဦးရဲ့ လည်ပင်းကို စနိုက်ပါ လက်ဖြောင့်တပ်သားက ပစ်ခတ်ခဲ့ပါတယ်။

“အဲ့ကလေးကို ပစ်လိုက်တာ ပါးစပ်ကိုထိပြီး နောက်စေ့ပွင့်သွားတယ်။ အဲ့ပွင့်သွားတဲ့သူကို ဒိုင်းကာထားတဲ့သူတွေက ဆွဲထုတ်တဲ့အချိန် ဒိုင်း ဟ သွားတဲ့အချိန် အဲဒီဒိုင်းကြားထဲကို ပစ်တာ။ ဆွဲကောက်တဲ့လူကို ပစ်တာပေါ့နော် လည်ပင်းထိသွားတယ်။ ထိထိချင်းမှာ မျက်နှာသေလေးနဲ့ ဟာ ကျနော့်ကို ထိသွားပြီ အဲ့တခွန်းဘဲပြောပြီး ဘာမှဆက်ပြောလို့မရဘူး။ တခွန်းပြောလိုက်တာနဲ့ လည်ပင်းကသွေးက ပွက်ခနဲ ပွက်ခနဲ အသက်ရှုလိုက်တာနဲ့ ပွက်ခနဲ ကျတာ။ အဲဒါသူ့ကို စကားမပြောခိုင်းဘဲနဲ့ လူတွေအကုန်လုံးဆွဲထုတ်လာပြီး Ambulance ပေါ်တင်ပြီး ချက်ချင်းဆေးရုံပြေးရတာ။”

သင်္ဃန်းကျွန်းကဆေးရုံရဲ့ မနေ့က မြင်ကွင်းဟာ ရုပ်ရှင် စစ်ကားတွေထဲက အတိုင်းပါပဲလို့လည်း ဦးကိုကိုနိုင်က ပြောပါတယ်။

“စပစ်တာက သင်္ဃန်းကျွန်းသပိတ်စစ်ကြောင်းက စပစ်တာ။ စဖြစ်တဲ့အချိန်မှာ အဲဒီသေနတ်သံတွေ ကြားထဲမှာဘဲ ကျနော်တို့ လူနာတွေဝင်ကောက်တာ။ မိန်းလမ်းမကြီးကနေ ကျနော်တို့ ဆွဲကောက်လာပြီး ကုလို့ရတဲ့နေရာတွေကို ကျနော်တို့ ပို့တာ။ အဲဒီအချိန်တုန်းကတော့ သူတို့ သတ်မှတ်ဧရိယာ မရှိဘူး။ မနေ့တုန်းကတော့ သတ်မှတ်ဧရိယာရှိတယ် အဲဒီထဲ ဝင်လာတာနဲ့ သူတို့က ပစ်မှာ။ ကျနော်တို့ အသက်သေမှာ မကြောက်ဘူး၊ လူနာတင်ကား တခုခုထိသွားရင် ကျနော်တို့ နောက်ဆက်တွဲ ဆက်ကူညီလို့ မရမှာပဲ ကြောက်တယ်။ အဲဒီတော့ ကျနော်တို့က သူတို့ရဲ့ ဧရိယာ အကျော်လေးနားမှာပဲ လူနာတင်ကားကို ရပ်ထားတယ်။ ရပ်ကွက်တွေကြားထဲမှာဘဲ ရပ်ထားတယ်။ လူနာတွေကို လူနာတင်ကားထိ ဆွဲထုတ်လာဖို့ ရပ်ကွက်ကို အကူအညီတောင်းထားတယ်။ ရပ်ကွက်ကလဲ ဝိုင်းကူညီပေးကြတယ်။ ဆေးရုံမှာလဲ နိုင်ငံခြားရုပ်ရှင်ကားထဲမှာ စစ်ဖြစ်တဲ့အချိန်ကို ရိုက်ထားတဲ့ကားမျိုး၊ သွေးကွက်တွေရော လူနာတွေက အော်တဲ့သူက အော်၊ ဆရာဝန်တွေက ယောက်ယက်ခတ်တဲ့လူက ခတ် ခြေချစရာနေရာမရှိ ကုတင်တွေကအပြည့် ၊ ရုပ်ရှင်ထဲကအတိုင်းပဲ အပြင်မှာဖြစ်နေတာ။”

အဲဒီပရဟိတအသင်းဝင် ကိုဟိန်းဇော်ထက် ဆိုသူကလည်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပစ်ခတ်နေတဲ့ ကျည်ဆံတွေကြားမှာ သူတို့လူနာတွေကို ခက်ခက်ခဲခဲ ရယူခဲ့ရတယ်လို့ ပြောပါတယ်။

“ပစ်တော့ ကျနော်တို့ ဝင်ဆွဲတဲ့အချိန်မှာ ဘေးနားမှာရော နားထဲမှာရော ကျည်ဆန်တွေက တောက်လျှောက် ပစ်နေကြတာ။ အဲ့လိုပစ်နေကြတဲ့အချိန်မှာ ကျနော်တို့ အဖွဲ့တွေ ဝင်ဆွဲမယ်ဆိုပြီး လက်ထိတဲ့လူရော ခြေထောက် ထိတဲ့သူတွေရော ကျနော်တို့ ဝင်ဆွဲပြီး လူနာတင်ကားနဲ့ ချက်ချင်းပို့တယ်။ ချက်ချင်းနောက်တခေါက် ပြန်လာတယ်။ ချက်ချင်းပို့တယ်။ ၂၈ ရက်နေ့ကဆိုရင် ၈ ခေါက် ၉ ခေါက်ရှိတယ်။ မနေ့ကဆိုရင် အခေါက် ၃ဝ - ၄ဝ လောက်ရှိတယ်။ ကျနော်တို့အဖွဲ့တင်မဟုတ်ဘဲ တခြား ငမိုးရိပ်ဘက်က အဖွဲ့တွေရော ပေါင်းပြီးသယ်ကြတာ”

မြန်မာပြည်တဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ RFA က ပြုစုထားတဲ့စာရင်းအရ ၁၆၀ ကျော်ပြီ ဖြစ်ပါတယ်။

RFA Burmese



ဖြိုခွဲမှုအတွင်း ပရဟိတသမားတွေ ကူညီဖို့ခက်ခဲ ဖြိုခွဲမှုအတွင်း ပရဟိတသမားတွေ ကူညီဖို့ခက်ခဲ Reviewed by THITHTOOLWIN on 06:39 Rating: 5

No comments:

Powered by Blogger.