မလွှကုန်း မီးရထားဝန်ထမ်း မိသားစုတွေ ကြောက်လန့်ပြီး နေရာရွှေ့ပြောင်းနေကြ



မတ်လ ၁၀ ရက် ဒီကနေ့ နံနက် ၆ ခွဲလောက်က မင်္ဂလာတောင်ညွှန့် မြို့နယ် မလွှကုန်းမီးရထားဝင်းကို စစ်တပ်နဲ့ ရဲတွေ ပိတ်ဆို့ပြီး ရှာဖွေဖမ်းဆီးနေတာကြောင့် အဲဒီမှာနေတဲ့ ဝန်ထမ်းမိသားစုတွေဟာ ဆက်မနေရဲတော့ဘဲ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြပါတယ်။

စစ်တပ်နဲ့ ရဲတွေ ရာဂဏန်းလောက် အဲ့ဒီမီးရထားဝင်းအိမ်ရာ ပတ်ပတ်လည်မှာရှိနေပြီး လောလောဆယ် ဝန်ထမ်း ၁၇ ယောက် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်နဲ့ ရဲတွေက ဖိအားပေးခြိမ်းခြောက်မှုလာတဲ့အတွက် ဝန်ထမ်းလိုင်းခန်းအိမ်တွေမှာ မနေရဲဘဲ ဝန်ထမ်းမိသားစုတွေ ဘေးလွတ်ကင်းရာနေရာတွေကို ထွက်ပြေးနေကြတာပါ။

စစ်အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာပဲ မလွှကုန်းမီးရထား စက်ခေါင်းမောင်း ဝန်ထမ်းတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ထားကြတာ ဖြစ်ပါတယ်။

CDM ဆက်လုပ်မယ်ဆိုရင် ဝန်ထမ်းအိမ်ယာကနေ ထွက်ပေးဖို့ စစ်တပ်နဲ့ ရဲတွေက ဖိအားပေးခြိမ်းခြောက် နေတယ်လို့ RFA ကို ပြောပါတယ်။

CDM လုပ်နေတဲ့ ဝန်ထမ်းမိသားစုတွေအတွက် ပြည်သူတွေက လှူဒါန်းထားတဲ့ ဆန်နဲ့ ပစ္စည်းတွေကိုလည်း ဒီကနေ့ မနက်ပိုင်း ဝင်ရောက်ရှာဖွေစဉ် စစ်တပ်နဲ့ ရဲတွေက ယူဆောင်သွားတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဝန်ထမ်းအိမ်ရာမှာ အသက်ကြီးပိုင်းတွေ ကျန်းမာရေးမကောင်းသူတွေကတော့ အိမ်စောင့်အဖြစ်ကျန်နေခဲ့ပြီး စက်ခေါင်းမောင်း ပညာရှင်တွေကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေ အနေနဲ့ကတော့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို မလွှတ်ပေးမချင်း CDM လုပ်တာကို ရပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

မလွှကုန်းမီးရထား စက်ခေါင်းမောင်း အိမ်ယာမှာ ဝန်ထမ်း ၉၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

RFA Burmese



မလွှကုန်း မီးရထားဝန်ထမ်း မိသားစုတွေ ကြောက်လန့်ပြီး နေရာရွှေ့ပြောင်းနေကြ မလွှကုန်း မီးရထားဝန်ထမ်း မိသားစုတွေ ကြောက်လန့်ပြီး နေရာရွှေ့ပြောင်းနေကြ Reviewed by THITHTOOLWIN on 23:55 Rating: 5

No comments:

Powered by Blogger.