စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် မန္တလေးမှာ လေးဦး သေဆုံး

မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (မတ် ၂၃၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေကြောင့် အသက်ဆုံးရှုံးရတဲ့ မြို့တွေထဲမှာ မန္တလေးမြို့ဟာ ထိပ်ဆုံးကနေ ပါဝင်နေတာပါ။ ဒီကနေ့မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက်မပြည့်သူ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ လေး ဦး သေဆုံးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မန္တလေးမြို့မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နေတာကြောင့် နေ့စဉ်လူသေဆုံးမှုတွေ ဖြစ်ပေါ်နေပြီး ဒီကနေ့ မတ်လ ၂၃ ရက်နေ့တည်းမှာ လေး ယောက်သေဆုံးပြီး သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်လာတယ်လို့ မြေပြင်ကယ်ဆယ်ရေး ပြုလုပ်နေသူတွေက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

“၅၆ လမ်းကနေ အရှေ့ကို တန်းစီပြီး ပစ်သွားတာ အသက် ၃၀ ပတ်ချာလည်လောက်က ဂျိုင်းအောက်မှာ တချက်ထိတယ် ရင်ဘတ်က ဒိုးယိုးပေါက် ပေါက်ပြီး ချောင်းထဲမှာ ပုန်းရင်းနဲ့ဖြစ်ပါလိမ့်မယ်။ ချောင်းထဲမှာ သေသွားတယ်ပေါ့နော် တယောက်။ တယောက်ကတော့ သိပ်တော့ မစိုးရိမ်ရဘူး ဗိုက်ထိတယ်နဲ့တူတယ်။ သေချာတော့မမြင်လိုက်ရဘူး။ ကျနော်တို့ အရှေ့တင် လူနာတင်ကားပေါ်တင်သွားတယ်။ အဲ့ဒီတယောက်က နည်းနည်း အခြေအနေကောင်းလောက်တယ်။ ပြီးရင် ၁၂ နှစ် ကလေးမလေးတယောက်က ကားနဲ့ပို့နေရင်း ကားပေါ်မှာပဲသေသွားတယ်။ ပြီးရင် လဖ္ဘက်ရည်ဆိုင်ပေါ့နော် သီဟမင်းလားမသိဘူး အဲ့ဒီလဖ္ဘက်ရည်ဆိုင်က ကောင်လေးက သူတို့တွေ လာလို့ဆိုပြီး ယင်းလိတ်တံခါးကို ဆွဲချလိုက်တဲ့အချိန်မှာ အဲဒီယင်းလိတ်တံခါးကို ပစ်လိုက်တဲ့ဟာက နဖူးကို ဒိုးယိုပေါက်သွားပြီး ဆုံးသွားတယ်။ အခု သုံး ယောက်ရယ် မနက်က ဒီဘက်မှာ တယောက်သေသွားသေးတယ်။”

မန္တလေးမြို့ မြို့သစ်တွေဖြစ်တဲ့ အောင်ပင်လယ်၊ မြရည်နန္ဒာ၊ ထွန်တုံး၊ အောင်သာယာ မြို့သစ်တွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နေ့စဉ် လမ်းကြောင်းရှင်းလင်းတာတွေ ပြုလုပ်ပြီး ပစ်ခတ်ဖြိုခွင်းတာတွေ ပြုလုပ်လို့ အခုလို နေ့စဉ် သေဆုံးတာတွေ ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ညဘက်တွေမှာလည်း ပစ်ခတ်တာတွေပြုလုပ်တဲ့အတွက် မတ်လ ၂၁ ရက်နဲ့ ၂၂ ရက် ညဘက်တွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

အခုလို မြို့သစ်ဘက်တွေမှာ နေ့စဉ်ပစ်ခတ်ဖြိုခွင်းတာတွေနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက အခုလို သုံးသပ်ပါတယ်။

“ဆင်ခြေဖုံးရပ်ကွက်ပေါ့လေ ဥပမာ ရန်ကုန် လှိုင်သာယာလို ဒီဘက်က ပုန်ကန်ထကြွမှာကို စိုးရိမ်ပြီးတော့ ဒီဘက်ကို အရင်ဖိနှိပ်တဲ့သဘောပေါ့။ မြို့ထဲက ပိုက်ဆံရှိလူတန်းစားများတော့ တော်သင့်ပုန်ကန်ထကြွမှု အားနည်းတာပေါ့။ အဲ့ဒီတော့ ဒီဘက်ကို အရင်ဖိတဲ့ သဘောပေါ့။ အထိုင်ချတဲ့ တပ်သဘောမျိုး တပ်စွဲနေတာ အဲ့ဒီမှာ လူထုက လက်မခံတော့ ညပိုင်းကို သူတို့ လာတဲ့ဟာကို သူတို့ကို ရန်မူမယ်ထင်ပြီးတော့ အနားအကပ် မခံပစ်တာခတ်တာလုပ်တယ်။ သူတို့ ပစ်တာခတ်တာလုပ်တော့ ဒီဘက်က လူထုကလည်း ကိုယ့်ဘက်ကလူထိတော့ မခံနိုင်တော့ အနားတိုးကြနဲ့ ထိတွေ့မှုတွေ ဖြစ်ကြတာ။ နေ့ခင်းက အရန်အတားတွေ ဖယ်ရင်းနဲ့ လမ်းမြင်သမျှပစ်တာ အဲ့ဒီလိုမျိုးတွေဆိုတော့ ရမ်းကားတဲ့ အပိုင်းတွေဆိုတော့ ဘယ်သူမှ မခံနိုင်ဘူးလေ မျက်မြင်ကိုယ်တွေ့ဆိုတော့ အိမ်ရှေ့ထွက်ကြည့်တဲ့သူလည်း ပစ်တာပဲ ဆိုင်ကယ်မောင်းတဲ့ သူလည်းပစ်တာပဲ လမ်းလျှောက်နေတဲ့ အဖွားကြီးလည်း ပစ်တာပဲဆိုတော့ ဘယ်သူူမှ မခံနိုင်တော့ သူတို့လာပြီဆိုရင်ကို အမြဲတမ်း သတိအနေအထားနဲ့ စောင့်ကြည့်နေရတာလေ။ အဲ့ဒီလိုဆိုတော့ တနေရာမဟုတ် တနေရာ ထိပ်တိုက်တွေ့ဆုံမှုက ဖြစ်ကြတာပဲလေ။”

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးတဲ့သူတွေထဲမှာ ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်သလို အသက် ၂၀ ကျော်အရွယ်တွေလည်း ပါဝင်ပါတယ်။ မနေ့ကလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် အသက် မပြည့်သေးတဲ့ ကလေးငယ်တဦးသေဆုံးခဲ့ပါသေးတယ်။ ဒါ့အပြင် ဆန္ဒထုတ်ဖော်သူတွေကို သိမ်းဆည်းထားတဲ့ အိမ်စီးကားတွေနဲ့ပါ တိုက်ပြီး ဖမ်းဆီးတာတွေလည်း ရှိပါတယ်။

အခုလို ပစ်ခတ်ဖြိုခွင်း လူသေဆုံးတာတွေဖြစ်နေပေမဲ့ မန္တလေးမြို့မှာတော့ ဆန္ဒထုတ်ဖော်မှုတွေကို ပုံသဏ္ဍန်မျိုးစုံနဲ့ ဆက်လက်ဆန္ဒထုတ်ဖော်နေကြသလို အခြားမြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊ မုံရွာ၊ တောင်ကြီး၊ ကလေး၊ ထားဝယ် စတဲ့ မြို့တွေမှာလည်း ဆန္ဒထုတ်ဖော်တာတွေ ဆက်လက်ပြုလုပ်နေကြပါတယ်။ 


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/mandalay-myanmar-military-coup-protest/5825168.html

စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် မန္တလေးမှာ လေးဦး သေဆုံး စစ်တပ်နဲ့ ရဲ ပစ်ခတ်မှုကြောင့် မန္တလေးမှာ လေးဦး သေဆုံး Reviewed by THITHTOOLWIN on 21:52 Rating: 5

No comments:

Powered by Blogger.