နိုင်ငံတဝန်း ညဘက်သပိတ် အရှိန်အဟုန်မြင့်လာ



စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေပေမယ့် ဆန္ဒပြတဲ့သူတွေကတော့ နေ့ရော ညပါလမ်းမတွေပေါ်မှာ ဆက်သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။

ညဘက်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးတဲ့ လှုပ်ရှားမှုတွေကို ဆက်လုပ်နေကြသလို ဒီမိုကရေစီတောင်းဆိုတိုက်ပွဲဝင်ရင်း ကျဆုံးသွားသူတွေအတွက် ဖယောင်းတိုင်မီးတွေထွန်းပြီး ဆုတောင်းနေကြပါတယ်။

ညဘက်သပိတ်မှောက်ခြင်းကို လူထုရွေးချယ်တင်မြောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကို အာဏာပြန်မလွဲပေးမချင်း နေ့တိုင်း ဆက်လုပ်သွားကြမယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၁၃ ရက် ဒီကနေ့မှာလည်း ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတဝန်းကမြို့တော်တော်များများမှာ အရှိန်အဟုန်မြင့်ပြီး ညဘက် သပိတ်မှောက်နေတာတွေ့ရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကလည်း စစ်အာဏာရှင် ဆန့်ကျင်ရင်း ကျဆုံးသွားသူတွေ အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ မတ်လ ၁၂ ရက်နေ့ကနေ ဧပြီလ ၁၂ ရက်နေ့ထိ အချိန်ကာလ တစ်လသတ်မှတ်တယ်လို့ ကြေညာထားပါတယ်။

ကျဆုံးသွားသူတွေအတွက် ဒီတစ်လအတွင်း မနက်နဲ့ ညတိုင်းမှာ ဆုတောင်းမေတ္တာပို့တာတွေ၊ စစ်အာဏာဆန့်ကျင်ရေး သီချင်းဆိုတဲ့ လှုပ်ရှားမှုတွေ လုပ်ကြဖို့နဲ့ ဆန္ဒပြပွဲတွေ မစခင်မှာလည်း ငြိမ်သက်အလေးပြုကြဖို့ တိုက်တွန်းထားတာပါ။

RFA က ကောက်ယူထားတဲ့စာရင်းတွေအရ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုကြောင့် မတ်လ ၁၃ ရက် ဒီနေ့အထိ သေဆုံးတဲ့ပြည်သူ ၈၅ ယောက်ရှိသွားပြီဖြစ်ပါတယ်။

RFA Burmese



နိုင်ငံတဝန်း ညဘက်သပိတ် အရှိန်အဟုန်မြင့်လာ နိုင်ငံတဝန်း ညဘက်သပိတ် အရှိန်အဟုန်မြင့်လာ Reviewed by THITHTOOLWIN on 08:59 Rating: 5

No comments:

Powered by Blogger.