တရုတ်ကုန်ပစ္စည်းတွေပါ မသုံးစွဲကြဖို့ လှုပ်ရှားမှုတွေ စတင်နေ



အိမ်နီးချင်း တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို သေနတ်တွေနဲ့ ပစ်ခတ်ဖမ်းဆီးနေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ရပ်တည်ပေးနေတယ်ဆိုပြီး တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ကျောက်ဖြူရေနံပိုက်လိုင်းကို ဖျက်ဆီးပစ်ဖို့ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ လှုံ့ဆော်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ညက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို တစ်ညလုံး ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်နေတဲ့ စစ်တပ်နဲ့ရဲတွေကို ပြန်ရုတ်ပေးဖို့၊ ဆန္ဒပြသူတွေ ထိခိုက်မှုရှိရင် ရေနံပိုက်လိုင်းရဲ့ လုံခြုံရေးကို အာမခံဘူးဆိုပြီး စစ်ကောင်စီနဲ့တရုတ်နိုင်ငံကို ခြိမ်းခြောက်မှုတွေ အွန်လိုင်း လူမှုကွန်ရက်မှာ ရှိလာခဲ့တာပါ။

ဒါဟာ လက်နက်မဲ့ မြန်မာပြည်သူတွေက တရုတ်နိုင်ငံနဲ့ စစ်ကောင်စီရဲ့ သဘောတူညီမှုတွေကို ဖျက်ဆီး နိုင်တယ်ဆိုတာ ခြိမ်းခြောက်ပြတာလို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ကျောက်တံတား မြို့နယ်က လူငယ်တစ်ဦးက ပြောပါတယ်။

တရုတ်ပိုက်လိုင်းကိစ္စ သတင်းပေါက်ကြားမှုနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတချို့ မတ်လ ၉ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း VOA သတင်းဌာနက ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ညွှန်မှူး ဦးချမ်းအေးကို အရပ်ဝတ်လူ ခြောက်ယောက်က နိုင်ငံခြားရေးဝန်ကြီး ဌာနရုံးချုပ်ကနေ မျက်နှာကို အဝတ်နဲ့စွပ်ပြီး ခေါ်ဆောင်သွားတယ်လို့ VOA သတင်းက ဖော်ပြပါတယ်။

ဘယ်လို သတင်းအချက်အလက်တွေ ပေါက်ကြားတယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။

တစ်ချိန်ထဲမှာပဲ တရုတ်နိုင်ငံဟာ စစ်ကောင်စီကို ထောက်ပံ့နေတယ်ဆိုပြီး တရုတ်ထုတ်ကုန် ပစ္စည်းတွေကို အသုံးမပြုကြရေး လှုပ်ရှားမှုတွေလည်း ပေါ်‌ပေါက်လာပါတယ်။

လုပ်နိုင်တဲ့ ဆန့်ကျင်မှုတွေ အားလုံးလုပ်သွားဖို့ ဆုံးဖြတ်ထားပြီး တရုတ်ကလာတဲ့ သီးနှံတွေကို မတင်သွင်းဖို့၊ တင်သွင်းထားပြီးဖြစ်တဲ့ ကုန်သည်တွေအနေနဲ့လည်း တရုတ်သီးနှံတွေကို ခွဲခြားပြောဆို ရောင်းချပေးဖို့ အမည်မဖေါ်လိုတဲ့ အင်းစိန်မြို့နယ်က လူငယ်တစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်မှာလည်း တရုတ်က သစ်သီး အဝင် နည်းပါးနေပြီး မူဆယ်လမ်းမတွေမှာ တရုတ်ဘက်က ကုန်အဝင်ကားတွေ မရှိသလောက်ဖြစ်နေပါတယ်။

ပြည်တွင်းကအမှာရှိမှ ကုန်သည်တွေက တင်သွင်းတာဖြစ်တဲ့အတွက် အမှာမရှိတာကြောင့် ကုန်ကား အဝင်လဲ မရှိသလောက်ဖြစ်နေတာလို့ မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်က ကုန်သည်တစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကုန်ပစ္စည်းကအစ သွင်းကုန်ကို မှီခိုအားထားနေရတဲ့ နိုင်ငံတစ်ခု ဖြစ်တာမို့ မြန်မာနိုင်ငံသားတွေဟာ တရုတ်ပစ္စည်းတွေကိုပဲ အများဆုံး အသုံးပြုနေကြရတာပါ။

တရုတ်ပစ္စည်းတွေကို မသုံးဖို့ အခုကစ ကိုယ်တိုင်ကျင့်သုံးနေပြီး ဝယ်ယူတဲ့အခါ တရုတ်ပစ္စည်းလား ထိုင်ဝမ်လား၊ ဟောင်ကောင်လားဆိုတာမျိုး မေးမြန်းဝယ်ယူတယ်လို့ ရန်ကင်းမြို့နယ်က လူငယ်တစ်ဦးက ဆိုပါတယ်။

တရုတ်ပစ္စည်း အသုံးမပြုသလို တရုတ်နည်းပညာတွေကိုပါ သုံးစွဲမှုရပ်တန့်လိုက်ကြ သူတွေလည်း ရှိလာ နေပါတယ်။

နာမည်ကြီး တရုတ်ရဲ့ နည်းပညာဆော့ဝဲ တစ်ခုဖြစ်တဲ့ Tittok ကိုပါ မသုံးတော့ဘူးလို့ ကျောက်တံတား မြို့နယ်က လူငယ်တစ်ဦးက ဆိုပါတယ်။

တရုတ်ပစ္စည်းတွေ အသုံးမပြုရေး လှုပ်ရှားမှု မတိုင်ခင်ကတည်းက စစ်တပ် ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာ ဘီယာ၊ ဒဂုံဘီယာ၊ ဘလက်ရှီးလ်ဘီယာ၊ အဒမန်ဂိုး ဘီယာ၊ မန္တလေး ရမ်၊ မန္တလေး ဘီယာ၊ မိုင်တဲလ် ဆင်းကတ်၊ ရူဘီစီးကရက်၊ မြဝတီဘဏ် စတဲ့ စစ်တပ်ပိုင် နဲ့ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ထုတ်ကုန်တွေကို မသုံးရေး ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုနေတယ်ဆိုပြီး အာဆီယံနိုင်ငံတွေထဲက စင်္ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကိုလည်း ဆန့်ကျင်ကြဖို့ ဆက်လက် လုပ်ဆောင်နေပြီး အာဆီယံ ထုတ်ကုန်တွေကိုပါ အသုံးမပြုရေး လှုပ်ရှားမှုတွေ ပါရှိလာနေပါတယ်။

RFA Burmese



တရုတ်ကုန်ပစ္စည်းတွေပါ မသုံးစွဲကြဖို့ လှုပ်ရှားမှုတွေ စတင်နေ တရုတ်ကုန်ပစ္စည်းတွေပါ မသုံးစွဲကြဖို့ လှုပ်ရှားမှုတွေ စတင်နေ Reviewed by THITHTOOLWIN on 22:55 Rating: 5

No comments:

Powered by Blogger.