မြန်မာ့ပထမဆုံးဂြိုဟ်တု နိုင်ငံတကာအာကာသစခန်းမှာ ယာယီသိမ်းထားမည်

ဂြိုဟ်တုတည်ဆောက်ရေး လုပ်ဆောင်နေတဲ့ မိတ္ထီလာရှိ မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်က ပညာရှင်များ။ (ဇွန် ၁၉၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့နောက်မှာ မြန်မာ့ ပထမဆုံးဂြိုဟ်တုကို ကမ္ဘာ့မြေပြင်အထက် မိုင် ၂၅၀ ကျော်မှာ ရှိတဲ့ ISS နိုင်ငံတကာအာကာသ စခန်းမှာ အသုံးမပြုသေးပဲ ယာယီသိမ်းထားဖို့ ဂျပန်အာကာသအေဂျင်စီ နဲ့ ဂျပန်တက္ကသိုလ်တို့က ဆုံးဖြတ်ခဲ့ကြောင်း ဂျပန်တက္ကသိုလ် တာဝန်ခံအရာရှိ တွေက ပြောပါတယ်။

မြန်မာနိုင်ငံက ပထမဆုံး လွှတ်တင်တဲ့ ဂြိုဟ်တုကို မြန်မာနိုင်ငံ လေကြောင်းနဲ့ အာကာသ ပညာ တက္ကသိုလ် MAEU နဲ့ ပူးတွဲပြုလုပ်တဲ့ စီမံကိန်းအရ ဂျပန်နိုင်ငံ Hokkaido တက္ကသိုလ်က တည်ဆောက်ပေးခဲ့တာပါ။ ဒီဂြိုဟ်တုမှာ ကီလိုဂရမ် ၅၀ လေးတဲ့ microsatellites ဂြိုဟ်တုသေးလေး ၂ ခုပါဝင်ပြီး နိုင်ငံတွင်း စိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းဌာနအတွက် စောင့်ကြည့်လေ့လာမှုတွေ လုပ်ဖို့ ကင်မရာတွေတပ်ဆင်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့နောက် ဒါကို စစ်တပ်အတွက် အသုံးပြုမှာကို လူ့အခွင့်ရေးလှုပ်ရှားသူတွေနဲ့ ဂျပန်အရာရှိ တချိုံ့က စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် Hokkaido တက္ကသိုလ် က ဂျပန်အာကာသစူးစမ်းရေး အေဂျင်စီ JAXA နဲ့ ဆွေးနွေးပြီး အခုလို ထိန်းသိမ်းထားလိုက်တာ ဖြစ်ကြောင်း တက္ကသိုလ် တာဝန်ခံတွေက ရိုက်တာကို ပြောပါတယ်။ ဂြိုဟ်တုဟာ စစ်တပ်အသုံးချဖို့ လုပ်ထားတာ မဟုတ်ပဲ စစ်တပ်နဲ့ ဘာမှ မပတ်သက်ချင်ကြောင်း လည်း အမည်မဖေါ်လိုတဲ့ မြန်မာဂြိုဟ်တု စီမံကိန်း ဆိုင်ရာ ဂျပန်တာဝန်ခံတဦးက ပြောပါတယ်။ ဒီဂြိုဟ်တုနဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ် ဆိုတာကို ဆွေးနွေးခဲ့ကြကြောင်းနဲ့ အခုတော့ ဒီအစီအစဉ်ကို ရပ်ဆိုင်းထားပြီး ပြန်စမယ့် အချိန် မသိသေးဘူးလို့လည်း ပြောပါတယ်။

ဒီဂြိုဟ်တုက ရတဲ့ အချက်အလက်တွေကို ဂျပန်တက္ကသိုလ်က စုဆောင်းမှာ ဖြစ်ပြီး မြန်မာအရာရှိတွေ တိုက်ရိုက်ရနိုင်မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ MAEU တက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာကြည်သွင်နဲ့ အဆက်အသွယ်မရကြောင်းလည်း ပြောပါတယ်။

ဒီဂြိုဟ်တုကို NASA အမေရိကန်အာကာသစူးစမ်းရေးဌာနက ဖေဖေါ်ဝါရီလ ၂၀ မှာ ISS နိုင်ငံတကာအာကာသစခန်းဆီကို တခြား ပစ္စည်းကရိယာတွေနဲ့ အတူ လွှတ်တင်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်ကတည်းက ဂျပန်အာကာသစူးစမ်းရေး JAXA ရဲ့ Kibo စူးစမ်းရေးယာဉ်ထဲမှာ သိမ်းထားတာ ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/Myanmar-aero-and-space-satellite-japan-Hokkaido-iss-/5812609.html

မြန်မာ့ပထမဆုံးဂြိုဟ်တု နိုင်ငံတကာအာကာသစခန်းမှာ ယာယီသိမ်းထားမည် မြန်မာ့ပထမဆုံးဂြိုဟ်တု နိုင်ငံတကာအာကာသစခန်းမှာ ယာယီသိမ်းထားမည် Reviewed by THITHTOOLWIN on 09:14 Rating: 5

No comments:

Powered by Blogger.