ကိုဗစ်ကာလ ထောက်ပံ့ကြေး ဒေါ်လာ ၁.၉ ထရီလီယံ ပေးမယ့် ဥပဒေ သမ္မတ Biden လက်မှတ်ထိုးပြီ

အမေရိကန်နိင်ငံသားတွေအတွက်ကိုရိုနာဗိုင်းရပ်စ်ကယ်ဆယ်ရေးစီမံချက်ကို သမ္မတ ဘိုင်ဒန် လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ- AP)

ကိုရိုနာဗိုင်းရပ်ဒဏ်ခံစားနေရတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွါးရေးလုပ်ငန်းတွေ အတွက် အထောက်အပံ့အဖြစ် ဒေါ်လာ ၁.၉ ထရီလီယံ ကူညီကယ်ဆယ်ရေး ရံပုံငွေချထားပေးဖို့ ကြာသပတေးနေ့မှာ သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

အခုလို လက်မှတ်မရေးထိုးခင်က ဒီရံပုံငွေ ပြဌာန်းချက်ဟာ နိုင်ငံတည်ဆောက်ရေးမှာပါဝင်နေသူတွေ၊ အလုပ်သမားတွေ၊ အလယ်အလတ်တန်းစားတွေ၊ နိုင်ငံသားတွေ အတွက် ရုန်းကန်ဖို့အခွင့်အလမ်းတခု ပေးတာ ဖြစ်ပြီး နိုင်ငံခိုင်မာအောင် တည်ဆောက်ရေးအတွက် သမိုင်းဝင်ဖြစ်ကြာင်း သမ္မတဘိုင်ဒန်က ပြောကြားခဲ့တာပါ။

အောက်လွှတ်တော်မှာ ဒီရံပုံငွေ အတည်ပြုရေးအတွက် မဲခွဲရာမှာ ရီပတ်ဘလစ်ကင်ပါတီဝင်တွေရဲ့ ပံ့ပိုးမှုမရပဲ ကန့်ကွက်မဲ ၂၁၁ မဲ၊ ထောက်ခံမဲ ၂၂၀ နဲ့ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပြီး အခု ရံပုံငွေဟာ ပမာဏသိပ်များနေသလို စီးပွါးရေးအထောက်အကူ အလိုအပ်ဆုံးသူတွေအတွက် လုံလောက်မှုမရှိဘူးလို့ ရီပတ်ဘလစ်ကင်ပါတီဝင်တွေက ပြောပြီး ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

ဒီဥပဒေပြဌာန်းချက်ထဲက တချို့အချက်တွေကို အောက်လွှတ်တော်ကပြန်ပြင်ပေးခဲ့ပြီး အထက်လွှတ်တော်မှာ စနေနေ့က မဲအနည်းငယ်အသာနဲ့ အတည်ပြုပေးခဲ့တာပါ။ အဲဒီပြင်ဆင်ချက်တွေ ထဲမှာ ဗဟိုအစိုးရရဲ့ အနည်းဆုံးလစာ တိုးမြှင့်ဖို့ လုပ်ဆောင်မှုကို ဖယ်ရှားခဲ့တာလည်း ပါပါတယ်။

အခု ပြဌာန်းချက်အသစ်အရ ဝင်ငွေများတဲ့ သူတွေမှအပ နိုင်ငံသားတယောက်ကို ဒေါ်လာ ၁၄၀၀ ချက်လက်မှတ်ပေးဖို့ ကလေးတွေ အတွက် အသက်အရွယ်အလိုက် ဒေါ်လာ ၃၀၀၀ ကနေ ၃၆၀၀ ကြား ငွေထုတ်ပေးဖို့ ပါဝင်ပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမားတွေ အတွက်လည်း အစိုးရက သီတင်းတပတ်ကို ဒေါ်လာ ၃၀၀ ထောက်ပံ့ငွေ ဆက်ပေးမှာဖြစ်သလို ပြည်နယ်နဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့တွေ ကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဒဏ်ကနေ ပြန်နလံထူရေး အတွက် ဒေါ်လာ ဘီလီယံ ၃၅၀ ရရှိကြမှာပါ။

ဒီရံပုံငွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့၊ ရောဂါရှိသူနဲ့ ထိတွေမှုဆိုင်ရာ နောက်ယောက်ခံလိုက်တာ အပြင် ပြီးခဲ့တဲ့နှစ်ထဲ စီးပွါးရေးလုပ်ငန်း ထိခိုက်မှု ရှိသူတွေကို ထောက်ပံ့ကူညီဖို့ပါ ပါဝင်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/covid-19-resuce-plan-signs-joe-biden-president-america-/5811631.html

ကိုဗစ်ကာလ ထောက်ပံ့ကြေး ဒေါ်လာ ၁.၉ ထရီလီယံ ပေးမယ့် ဥပဒေ သမ္မတ Biden လက်မှတ်ထိုးပြီ ကိုဗစ်ကာလ ထောက်ပံ့ကြေး ဒေါ်လာ ၁.၉  ထရီလီယံ ပေးမယ့် ဥပဒေ သမ္မတ Biden လက်မှတ်ထိုးပြီ Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.