ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ စစ်မြေပြင်သုံး နည်းဗျူဟာတွေ၊ လက်နက်တွေ အသုံးပြုနေကြောင်း AI အဖွဲ့ ထုတ်ပြန်


ဘန်ကောက်၊ မတ် ၁၃၊ ၂၀၂၁

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာ မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စစ်မြေပြင်သုံး နည်းဗျူဟာတွေနဲ့ သေစေ လောက်တဲ့ လက်နက်တွေကို အသုံးပြုလာတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International - AI) က ပြောဆိုလိုက်ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့လည်း ရဲတပ်ဖွဲ့နဲ့ မသင့်လျော်တဲ့ Semi-automatic ရိုင်ဖယ်၊ Sniper ရိုင်ဖယ်တွေနဲ့ အပေါ့စား စက် သေနတ်တွေကို အသုံးပြုနေတယ်လို့ AI အဖွဲ့က မတ်လ ၁၁ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

“လူစုလူဝေး ဖြိုခွဲမှု” အစီအမံတွေအဖြစ် ရေအမြောက်၊ မျက်ရည် ယိုဗုံး၊ ရာဘာကျည်တွေကို အဆင်အခြင်မဲ့ ထပ်တလဲလဲ အသုံးပြု နေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

Amnesty's Crisis Evidence Lab က မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေ ရဲ့ သေစေလောက်တဲ့ အင်အားအသုံးပြုမှု အပါအဝင် စနစ်တကျ စီစဉ်ထားတဲ့ မဟာဗျူဟာတွေကို အကောင်အထည်ဖော်နေ ကြောင်း၊ ဖြိုခွဲမှုမှတ်တမ်း ဗီဒီယို ၅၀ ကျော်ကို စစ်ဆေးပြီး အတည်ပြုခဲ့ကြောင်း AI က ဖော်ပြပါတယ်။ 

ဆန္ဒပြသူတွေကို အပတ်စဉ် အနည်းဆုံး တစ်ဒါဇင်ခန့်အထိ သတ်ဖြတ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကို “တရားလက်လွတ် သတ်ဖြတ်ခြင်း” လို့ သတ်မှတ်ထားပြီး ကြိုတင်စီစဉ်ထားတဲ့ ပုံစံနဲ့ လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့ AI အဖွဲ့က အရေးပေါ်အခြေအနေ တုံ့ပြန်မှုဒါရိုက်တာ Joanne Mariner က ပြောဆိုပါတယ်။

Joanne Mariner က “ဒါဟာ အကုန်လုံးကို လွှမ်းခြုံတဲ့ လုပ်ဆောင် ချက်တွေ မဟုတ်ပါဘူး။ အရာရှိ တစ်ဦးချင်းဆီရဲ့ ညံ့ဖျင်းတဲ့ ဆုံးဖြတ်ချက် တွေ ဖြစ်ပါတယ်၊ ဒါဟာ နောင်တမရတဲ့ တပ်မှူးတွေ က လူသားမျိုးနွယ် အပေါ် ရာဇဝတ်မှု ကျူးလွန်တာပဲ ဖြစ်ပါ တယ်။ သူတို့ရဲ့တပ်တွေကို ဖြန့်ကျက်ချထားပြီး လူသေစေလောက် တဲ့ နည်းလမ်းတွေကို သုံးတာ ဖြစ်ပါတယ်။ စစ်အာဏာပိုင်တွေ အနေနဲ့ သူတို့ရဲ့သေစေနိုင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်ဆိုင်းရမှာပါ။ နိုင်ငံအနှံ့ ဆိုးရွားနေတဲ့ အခြေအနေကိုလည်း လျှော့ချပြီး စိတ်ကူးပေါက်သလို ဖမ်းဆီးထားသူတွေကို ပြန် လွှတ်ပေးရမှာ ဖြစ်ပါတယ်” လို့လည်း ပြောဆိုပါတယ်။

မြန်မာ စစ်အာဏာပိုင်တွေက သေစေနိုင်လောက်တဲ့ နည်းလမ်းကို အသုံးပြုခြင်းဟာ အသစ်အဆန်း မဟုတ်ကြောင်း၊ ချင်း၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်း အစရှိတဲ့ လူနည်းစု လူမျိုးစုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် အကြမ်းဖက်မှုတွေ ကို နှစ်ပေါင်းများစွာ ခံခဲ့ရတာဖြစ်ကြောင်းလည်း AI အဖွဲ့က မီးမောင်းထိုးပြပါတယ်။

Mariner က ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ စိုးရိမ်ပူပန်တယ်ဆိုတဲ့ ကြေညာချက် ထုတ်ပြန်မှုတွေကို ကျော်လွန်ပြီး အကြမ်းဖက်မှုကို ရပ်တန့်ဖိုနဲ့ တပ်မတော်ကို တာဝန်ခံမှု ရှိစေဖို့အတွက် ချက်ချင်းအရေးယူ ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။




ဓာတ်ပုံ - Reuters ၊ အင်တာနက် စာမျက်နှာများ


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ စစ်မြေပြင်သုံး နည်းဗျူဟာတွေ၊ လက်နက်တွေ အသုံးပြုနေကြောင်း AI အဖွဲ့ ထုတ်ပြန် ဆန္ဒပြသူတွေကို ဖြိုခွင်းရာမှာ စစ်မြေပြင်သုံး နည်းဗျူဟာတွေ၊ လက်နက်တွေ အသုံးပြုနေကြောင်း AI အဖွဲ့ ထုတ်ပြန် Reviewed by THITHTOOLWIN on 07:26 Rating: 5

No comments:

Powered by Blogger.