မြန်မာစစ်တပ်ကို အရေးမယူတဲ့အပေါ် လုံခြုံရေးကောင်စီကို AI ရှုတ်ချ



ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စနစ်တကျ ကြိုတင်ပြင်ဆင်ပြီး သတ်ဖြတ်နေတဲ့ မြန်မာ စစ်အာဏာသိမ်းအုပ်စုကို အရေးမယူတဲ့အပေါ်  ဗြိတိန်အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (Amnesty International) က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မတ်လ ၁၁ ရက် ဒီနေ့ ပြစ်တင် ဝေဖန်လိုက်ပါတယ်။

လုံခြုံရေးကောင်စီက ဘာမှ အရေးယူဆောင်ရွက်တာ မရှိတဲ့အတွက် အခုဆိုရင် မြန်မာစစ်တပ်ဟာ ဆန္ဒပြပြည်သူတွေကို ဆက်လက်ပစ်ခတ် ဖြိုခွဲနေတယ်လို့ ဆိုပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံက အခြေအနေတွေကို နိုင်ငံတကာရာဇဝတ်မှုခုံရုံး (International Criminal Court) ကို လွှဲပြောင်းပေးပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တွေကို ICC ခုံရုံးကို ဆင့်ခေါ်ဖို့အတွက် တခြား လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အတူ တောင်းဆိုထားတယ်လို့ AI အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဂျိုအန်းမာရီနာ (Joanne Mariner) က ပြောပါတယ်။

စစ်သားတွေ အင်အားအလွန်အကျွံ သုံးထားသလို စနစ်တကျ ပြင်ဆင်ပြီး ပြည်သူတွေကို ပစ်ခတ်နေတဲ့ ဗီဒီယိုသက်သေ အမြောက်အမြားကို AI အဖွဲ့က ရရှိထားပြီး အဲဒီထဲမှာ တရားဥပဒေမဲ့ ကွပ်မျက်ပစ်တာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ဆန္ဒပြသူတွေကို အရင် နည်းလမ်းဟောင်းတွေအတိုင်း ဖြိုခွင်းနေတာဖြစ်ပေမဲ့ အခုတစ်ကြိမ်မှာတော့ တိုက်ရိုက် ထုတ်လွှင့်ချက်တွေကြောင့် တပ်မတော်က လူတွေကို စိတ်ရှိလက်ရှိ သတ်ဖြတ်နေတာတွေကို ကမ္ဘာက မျက်ဝါးထင်ထင် မြင်နေရတယ်လို့ AI အဖွဲ့က ပြောပါတယ်။ 

ဒါတွေဟာ အရာရှိတစ်ဦးချင်းစီက စိတ်ဖိစီးမှုနဲ့ ဆုံးဖြတ်တာမျိုး မဟုတ်ဘဲ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေပြီး နောင်တဆိုတာမရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက တပ်တွေစေလွှတ်ပြီး သတ်ဖြတ်ခိုင်းနေတာလို့ Amnesty International ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese/

မြန်မာစစ်တပ်ကို အရေးမယူတဲ့အပေါ် လုံခြုံရေးကောင်စီကို AI ရှုတ်ချ မြန်မာစစ်တပ်ကို အရေးမယူတဲ့အပေါ် လုံခြုံရေးကောင်စီကို AI ရှုတ်ချ Reviewed by THITHTOOLWIN on 02:17 Rating: 5

No comments:

Powered by Blogger.