NLD CEC ဦးအောင်ကြည်ညွန့်ရဲ့ ရပ်တည်ချက်

NLD CEC ဦးအောင်ကြည်ညွန့် ( ဖေဖေါ်ဝါရီ ၇ ရက် ၊ ၂၀၂၁ ဗီဒီယို သတင်းစကားပြောစဉ် )

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူက တရားဝင် အပ်နှင်းလိုက်တဲ့ လုပ်ပိုင်ခွင့်နဲ့အညီ တာဝန်တွေ ဆက်လက်ထမ်းဆောင်နေကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောကြားတဲ့အကြောင်းကို တင်ပြချင်ပါတယ်။ ကျနော် ဉာဏ်ဝင်းအောင်ပါ ။

စစ်တပ်က မတရား အာဏာသိမ်းခဲ့တာကို ဆန့်ကျင်နေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဦးအောင်ကြည်ညွန့်က လူမှုကွန်ယက်ကတဆင့် ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုဖိုင်မှာ အရင်ဆုံး ပြောကြားပါတယ်။

" ကျနော်အောင်ကြည်ညွန့်ပါ ။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တယောက် ဖြစ်ပြီးတော့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) တောင်တွင်းကြီးရဲ့ အမျိုးသားကိုယ်စားလှယ်ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းပြီးတော့ ပြည်သူကို စစ်ကျွန်ဖြစ်အောင် တရားမဲ့အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်နေကြတဲ့ ပြည်သူလူထု တရပ်လုံးကိုရော ၊ ပြည်သူ့ဝန်ထမ်းများ ပီသစွာ Civil Disobedient Movement (CDM)နဲ့ နိုင်ငံတော်ကို ကယ်တင်နေကြတဲ့ ဌာနအသီးသီးက ဝန်ထမ်းများကိုရော အထူးလေးစား ကျေးဇူးတင်ပါကြောင်း ဦးစွာ ပြောကြားလိုက်ပါရစေ။ "

အခုအချိန်မှာ ကြောက်စိတ်နဲ့ နောက်တွန့်နေမယ်ဆိုရင် နောက်မျိုးဆက်ကို စစ်အာဏာရှင်စနစ်အောက်မှာ စတေးလိုက်သလို ဖြစ်သွားလိမ့်မယ်လို့ ဦးအောင်ကြည်ညွန့်က သတိပေးတိုက်တွန်းလိုက်ပါတယ်။

" စစ်အာဏာရူးမှု ကျဆုံးပြီး မကြာမီမှာ ပြည်သူ့အားနဲ့ ပြန်လည်ပေါ်ထွန်းလာမယ့် ပြည်သူ့အစိုးရရဲ့အောက်မှာ မိမိတို့ရဲ့ တရားဝင် အခွင့်အရေးများ ပြန်လည်ရရှိခံစားရမှာ အာမခံချက် အပြည့်ရှိနေပါတယ်။ လတ်တလော ရင်ဆိုင်ရဖွယ် အခက်အခဲတွေ အတွက်လည်း ပြည်သူအားနဲ့ ကုစားကာကွယ် ထောက်ပံ့မှုတွေ စီစဉ်နေကြပါပြီ ၊ ပြည်သူသာ အဓိကပါ။ အခုကာလမှာ ကြောက်စိတ်နဲ့ နောက်တွန့်ရင် မိုက်တဲ့လူတချို့ ရူးပြီးရဲနေတဲ့ .. 'မိုက်ရူးရဲ' စစ်အာဏာရှင်တစုနဲ့ နောက်လိုက် တချို့တွေရဲ့အောက်မှာ ကျနော်တို့ရဲ့ သားသမီးတွေကို စတေးလိုက်ကြရ ပါလိမ့်မယ်။ ကျနော်တို့လည်း ပြည်သူက အပ်နှင်းလိုက်ပြီးဖြစ်တဲ့ တရားဝင် လုပ်ပိုင်ခွင့်နဲ့အညီ ဆက်လက်ဆောင်ရွက် နေကြပါတယ်။ အားလုံးကို လေးစားစွာ ကျေးဇူးတင်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။ "

ဒီအတောတွင်း NLD ပါတီ ရွေးချယ်ခံကိုယ်စားလှယ်တွေရဲ့ တာဝန်ပေးအပ်ချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖွဲ့စည်းတည်ထောင်ပြီး လုပ်ငန်းတွေ စဖို့ ပြင်ဆင်နေပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့မှာလည်း NLD ကိုယ်စားလှယ်တွေက လူကိုယ်တိုင် ဒါမှမဟုတ် အွန်လိုင်းကတဆင့် ကျမ်းသစ္စာကျိမ်ဆိုနေကြပြီး တတိယအကြိမ် တိုင်းနဲ့ပြည်နယ်လွှတ်တော် လုပ်ငန်းတွေကို စတင်နိုင်ဖို့ စိုင်းပြင်းနေတာ တွေ့ရပါတယ်။

ကိုဉာဏ်ဝင်းအောင်  / ဗွီအိုအေ ( မြန်မာပိုင်း)

https://burmese.voanews.com/a/aung-kyi-nyunt-nld-cec/5768858.html

NLD CEC ဦးအောင်ကြည်ညွန့်ရဲ့ ရပ်တည်ချက် NLD CEC ဦးအောင်ကြည်ညွန့်ရဲ့ ရပ်တည်ချက် Reviewed by THITHTOOLWIN on 04:42 Rating: 5

No comments:

Powered by Blogger.