![]() |
ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့မှာ စစ်အစိုးရဆန့်ကျင် ဆန္ဒပြကြသူများ။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁) |
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ရေးအတွက် အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုး ၁၀ ဖွဲ့အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့နဲ့ NCA လက်မှတ်ရေးထိုးစဉ် သက်သေအဖြစ် ပါဝင်ခဲ့တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြထားပါတယ်။ အပြည့်အစုံကို ကိုမိုးဇော် စုစည်းတင်ပြထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲအပေါ် အခြေပြုပြီး နိုင်ငံရေးတင်းမာမှုတွေ ပြင်းထန်နေတာနဲ့ လူထုက အကြမ်းမဖက် ဆန့်ကျင် ဆန္ဒပြနေတဲ့အပေါ် ပစ်ခတ်တာ၊ ဖမ်းဆီးတာ၊ အရေးယူတာတွေ ဖြစ်ပေါ်နေချိန်မှာပဲ အခုလို PNLO က တိုက်တွန်းလိုက်တာပါ။
PNLO ရဲ့ တိုက်တွန်းစာကို NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ပါဝင်တဲ့ PPST ခေါ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က ကြားဝင်ဆောင်ရွက်ဖို့အတွက် အဖွဲ့ရဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ထံကို လိပ်မူပေးပို့ထားတာ ဖြစ်ပါတယ်။
![]() |
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထုတ်ပြန်ကြေညာချက်။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁) |
အဓိက တင်ပြရတဲ့ အကြောင်းကိုတော့ PNLO ရဲ့ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ပြည်ထောင်စုအစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် ဆိုတာက NCA စာချုပ်အရ ကျနော်တို့ရဲ့ ဆွေးနွေးဘက်တွေ ဖြစ်ပါတယ်၊ ပြည်ထောင်ဘက်တွေ ဖြစ်ပါတယ်။ အရင်တုန်းက တဖက်တည်းမှာ အတူရပ်တည်လာခဲ့တဲ့ ပြည်ထောင်စုအစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်အကြားမှာ ဒီကနေ့ နိုင်ငံရေးအရ တင်းမာမှုတွေ ပဋိပက္ခတွေဖြစ်နေတဲ့ အပေါ်မှာကတော့ ကျနော်တို့ အနေနဲ့ ပြည်ထောင်ဘက်များအကြားမှာ ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ အပေါ်မှာ ကျနော်တို့အနေနဲ့
![]() |
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထုတ်ပြန်ကြေညာချက်။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁) |
ကြားဝင်ပြီးတော့ စေ့စပ်ပေးဖို့၊ ညှိနှိုင်းပေးဖို့ လိုအပ်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ကျနော်တို့ PPST အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ တကွပေါ့လေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့အနေနဲ့ ဦးဆောင်ပြီးတော့ စေ့စပ်ညှိနှိုင်းပေးဖို့ကို ကျနော်တို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။”
တဆက်တည်းမှာပဲ NCA စာချုပ် လက်မှတ်ထိုးစဉ်က သက်သေအဖြစ် ရပ်တည်ခဲ့တဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းကြောင်း ခွန်မြင့်ထွန်းက ဆက်ပြောပါတယ်။
“NCA စာချုပ်ကို လက်မှတ်ရေးထိုးတဲ့အခါမှာ နိုင်ငံတကာ အသိသက်သေအနေနဲ့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်၊ ဥရောပသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်ရယ်၊ နောက် ဂျပန်အစိုးရ၊ တရုတ်အစိုးရ၊ အိန္ဒိယအစိုးရ၊ ထိုင်းအစိုးရ ကိုယ်စားလှယ်တွေလည်း အသိသက်သေအနေနဲ့ လက်မှတ်ရေးထိုးခဲ့တယ်။ ဒါ့အပြင် အမေရိကန် အပါအဝင် အခြားသော ဗြိတိန်နိုင်ငံ အပါအဝင် အခြားသောနိုင်ငံတွေ အနေနဲ့ကလည်း ကျနော်တို့ NCA လက်မှတ်ရေးထိုးတာကို သိရှိတယ်၊ အလေးအနက်ထားတယ်။ သူတို့ ကူညီဆောင်ရွက်မယ် ဆိုတာကို သူတို့ကြေညာချက်တွေ ထုတ်ခဲ့ကြတာတွေ ရှိပါတယ်။ အဲဒီ နိုင်ငံတကာ အဖွဲ့တွေနဲ့ နိုင်ငံတကာ အစိုးရတွေ အနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးဖို့ကို ကျနော်တို့အနေနဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ကိုလည်း တိုက်တွန်းထားပါတယ်။ PPST ယာယီအဖွဲ့ ခေါင်းဆောင်ကတဆင့် PPST တဖွဲ့လုံးကနေ ဆောင်ရွက်ပေးဖို့ကို ကျနော်တို့ တိုက်တွန်းထားပါတယ်။ တောင်းဆိုတာပါ။”
ဒီတိုက်တွန်းချက်ကိုတော့ PNLO ရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးက ၉ ရက်နေ့ကနေ ၁၁ နေ့ထိ ၃ ရက်ကြာ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တာပါ။
ဒီတိုက်တွန်းချက်အပေါ်မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက အခုလို ပြောဆိုပါတယ်။
“ကျနော်တို့ကတော့ ကြားဝင် ညှိနှိုင်းပေးဖို့ကတော့ ဆက်သွယ်နိုင်တဲ့ ဘယ်အဖွဲ့အစည်းအတွက် မဆိုကတော့ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပေါ့နော်။ ဖျန်ဖြေတာကတော့ နတ်လူသာဓုခေါ်တဲ့ ကိစ္စပဲလေ။ ဒါပေမယ့် PPST အနေနဲ့ကတော့ ကျနော်တို့ လောလောဆယ် မဆွေးနွေးရသေးတဲ့ အခါကျတော့ ကျနော် ဘာမှ မပြောလိုဘူးေ့ပါ့နော်။”
NCA စာချုပ်မှာ သက်သေအဖြစ် ပါဝင်ခဲ့တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း ကြားဝင်ဖြေရှင်းရေးအတွက် လမ်းရှာ ဆောင်ရွက်သင့်တယ်လို့ မြင်ကြောင်းလည်း ဖြည့်စွက် ပြောဆိုပါတယ်။
ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP) ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက PNLO ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး သူတို့ပါတီတွင်းမှာ မဆွေးနွေးရသေးကြောင်း ပြောဆိုပြီး သူ့ရဲ့ ပုဂ္ဂလိကအမြင်ကို အခုလို ပြောပါတယ်။
“အခုလို မြန်မာနိုင်ငံရဲ့ အကျပ်အတည်း ဖြစ်ပေါ်လာခြင်းသည် တဖွဲ့ကိုတဖွဲ့ မယုံကြည်မှုကနေ ဖြစ်ပေါ်လာတယ်လို့ ကျမ အမြင်ရှိပါတယ်။ စေ့စပ်ညှိနှိုင်းမှုနဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့သာလျှင် အကောင်းဆုံးနည်းလမ်းကို ရနိုင်လိမ့်မယ်လို့ မြင်ထားတာ ရှိပါတယ်။ အဲဒါကြောင့်မို့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေနဲ့ ဒီ စေ့စပ်ရေးကော်မတီ တရပ်ကိုတော့ အလျင်အမြန် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ အမြင်ရှိပါတယ်။ တကယ်လို့များ PPST ကနေပြီးတော့မှ ပါဝင်သင့် ပါဝင်ထိုက်တဲ့ သူတွေနဲ့ အဲလိုမျိုး ဖွဲ့မယ်ဆိုရင် ကျမ ပုဂ္ဂလိက အမြင်အရဆိုရင်တော့ သင့်မြတ်တယ်။ အဲလိုအမြင်ရှိပါတယ်။”
PNLO ရဲ့ တိုက်တွန်းတဲ့စာဟာ အခြား NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီကိုလည်း ဖြန့်ဝေထားပါတယ်။ အချို့အဖွဲ့တွေကတော့ ဒီသဘောထားကို သက်ဆိုင်ရာ သူတို့အဖွဲ့တွင်းမှာ ဆွေးနွေးပြီး PPST အစည်းအဝေး ခေါ်ယူချိန်မှာ တင်ပြဖို့ ပြင်ဆင်တာတွေ ရှိနေပါတယ်။
ကိုမိုးဇော်/ VOA Burmese
https://burmese.voanews.com/a/myanmar-politics-pnlo-nca/5776989.html

No comments:
Post a Comment