မြန်မာစစ်တပ်ရဲ့အကျိုးစီးပွားတွေအပေါ် ပိတ်ဆို့ဖို့ EU အတည်ပြု



မြန်မာနိုင်ငံမှာ စစ်တပ်က ထပ်မံအာဏာသိမ်းခဲ့ပြန်တာကြောင့် နိုင်ငံအများက ပြစ်တင်ဝေဖန်နေကြပါတယ်။ အီးယူ ဥရောပသမဂ္ဂကလည်း မြန်မာစစ်တပ်နဲ့ စစ်တပ်ရဲ့အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့ဖို့ အတည်ပြုလိုက်ပြီ‌ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ခေါင်းဆောင်တွေက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြန်ပြီးတဲ့နောက်၊ကန့်ကွက် ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အပေါ် ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေက ဆန့်ကျင်ပြစ်တင်လိုက်ကြပြီး အမေရိကန်ပြည်ထောင်စုနဲ့ ဘရပ်ဆဲလ် နိုင်ငံတွေကလည်း မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပိုမိုတင်းကျပ်လိုက်ပါတယ်။ နောက်ဆုံးသတင်းတွေအရ အမေရိကန်ပြည်ထောင်စုက သူ့ရဲ့ပိတ်ဆို့အရေးယူမှုစာရင်းမှာ နောက်ထပ်စစ်အစိုးရအဖွဲ့ဝင်နှစ်ဦး ဖြစ်တဲ့ ဦးမောင်မောင်ကျော်နဲ့ ဦးမိုးမြင့်ထွန်း တို့ကို ထပ်မံဖြည့်စွက်လိုက်ပါတယ်။

စစ်အာဏာသိမ်းမှုအပေါ် မြန်မာတနိုင်ငံလုံးက တခဲနက် ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြပြီး၊ အာဏာသိမ်း ခေါင်းဆောင်တွေကလည်း ဆန္ဒပြပွဲတွေအပေါ် အင်အားသုံး ဖြိုခွဲလာနေပါတယ်။ လူထု ဆန္ဒပြပွဲ တွေအတွင်း၊ စစ်တပ်ရဲ့ အင်အားသုံးမှုကြောင့် အခုထိ သေဆုံးသူ အနည်းဆုံး သုံးဦး ရှိခဲ့ပါတယ်။ ဒီအတွက် G7 ခေါ် ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက- မြန်မာစစ်တပ် အနေနဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ လက်နက်မဲ့ ပြည်သူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် လုံးဝလက်မခံနိုင်ကြောင်း၊ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြသူတွေအပေါ် အကြမ်းဖက်တဲ့ မည်သူ့မဆိုအပေါ် အရေးယူရမှာဖြစ်ကြောင်း ကန့်ကွက်ခဲ့ကြပါတယ်။ G7 မှာ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတွေ ပါဝင်ကြပါတယ်။

အီးယူ ဥရောပသမဂ္ဂကလည်း မြန်မာစစ်တပ်နဲ့ စစ်တပ်ရဲ့အကျိုးစီးပွားတွေအပေါ် ပစ်မှတ်ထားပိတ်ဆို့ဖို့ အတည်ပြုလိုက်ပြီး မြန်မာအစိုးရပြုပြင်ပြောင်းလဲရေး အစီအစဉ်များဆိုင်ရာ ဘဏ္ဍာရေးထောက်ပံ့မှု အစီအစဉ်တွေကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးကို.ယ်စားလှယ် ခရစ်စတင်း ဘာဂျ်နာ က - ပိတ်ဆို့အရေးယူတာတွေဟာ အောက်ခြေလူထုကို ထိခိုက်လေ့ရှိပေမဲ့၊ ပစ်မှတ်ထားအရေးယူတာတွေ ကိုတော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဏာသိမ်းတဲ့အပေါ် ‌ ကြီးမားတဲ့ဆန့်ကျင်မှု ဖိအား လိုအပ်လို့ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အာဏာသိမ်း စစ်အစိုးရဟာ သူ့လုပ်ရပ်အပေါ် နိုင်ငံတကာရဲ့ ခုခံဆန့်ကျင်မှုတွေ တခဲနက် ပေါ်ထွက်လာမယ့်အပေါ် မျှော်လင့်ထား‌ပြီး ဖြစ်ပုံရကြောင်း လည်းပြောပါတယ်။

အင်ဒိုနိးရှားနိုင်ငံကတော့ မြန်မာ့ပြဿနာဟာ ဒေသတွင်းနိုင်ငံတွေအပေါ် ရိုက်ခတ်မှုကြီးကြီးမားမား မရှိနိုင်ကြောင်း၊ မြန်မာအနေနဲ့ ရွေးကောက်ပွဲ ထပ်မံကျင်းပစရာလည်း မလိုကြောင်းပြောဆိုပါတယ်။ ဒေသတွင်းနိုင်ငံတွေ ပါဝင်စောင့်ကြည့်မယ့် ရွေးကောက်ပွဲအသစ် ပြန်လည်ကျင်းပဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အင်ဒိုနီးရှားက ပြောဆိုခဲ့ပြီးတဲ့နောက်၊ ဝေဖန်မှုတွေမြင့်တက်လာခဲ့ပြီးတဲ့နောက်၊ အခုလို ပြန်လည်ပြင်ဆင် ပြောဆိုခဲ့တာပါ။

ဒီအတွင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ မြန်မာနိုင်ငံကို ကြာသပတေးနေ့မှာ လာရောက်မယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ရဲ့ နောက်ဆုံးအကြိမ် အာဏာသိမ်းအပြီး ပထမဆုံးလာရောက်မယ့် ပြည်ပဝန်ကြီးအဆင့် ခရီးစဉ်လည်းဖြစ်ပါတယ်။ ကြာသပတေးနေ့ မနက်ပိုင်းမှာရောက်ရှိလာမှာဖြစ်ပြီး၊ အဲဒီနေ့မှာပဲ ပြန်လည်ထွက်ခွာမှာဖြစ်ကြောင်း မြန်မာအရာရှိတဦးက အတည်ပြုပြောဆိုပါတယ်။ လာရောက်တဲ့ ခရီးစဉ်အကြောင်းကိုတော့ အတိအကျ မသိရသေးပါဘူး။

မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြသူတွေအပေါ် အကြမ်းဖက်ဖြိုခွဲနေတာနဲ့ ပတ်သက်ပြီး G7 နဲ့ EU အဖွဲ့ဝင်နိုင်ငံတွေကလည်း ပြစ်တင်ရှုတ်ချနေကြပါတယ်။

RFA Burmese



မြန်မာစစ်တပ်ရဲ့အကျိုးစီးပွားတွေအပေါ် ပိတ်ဆို့ဖို့ EU အတည်ပြု မြန်မာစစ်တပ်ရဲ့အကျိုးစီးပွားတွေအပေါ် ပိတ်ဆို့ဖို့ EU အတည်ပြု Reviewed by THITHTOOLWIN on 08:02 Rating: 5

No comments:

Powered by Blogger.