အင်ဒိုနီးရှား ကြားဝင်စေ့စပ်မှု CRPH ကုလကိုယ်စားလှယ် ပယ်ချ

CRPH ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ (ဓါတ်ပုံ-Dr. Sasa facebook)

ရွေးကောက်ပွဲထပ်လုပ်ရေးလမ်းကြောင်းနဲ့ အင်ဒိုနီးရှားက ကြားဝင်ညှိုနှိုင်းမယ်ဆိုရင် လက်ခံဖို့ လုံးဝမရှိကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက ဗွီအိုအေကိုပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာစစ်တပ်နဲ့ CRPH လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ကြား နှစ်ဘက်လုံးနဲ့ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကဗုဒ္ဓဟူးနေ့ ပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

ဗုဒ္ဓဟူးနေ့က တွေ့ဆုံမှုတွေနဲ့ပတ်သက်လို့ အင်ဒိုးနီးရှားနိုင်ငံဘက်က သတင်းထုတ်ပြန်ခဲ့ပေမယ့် မြန်မာစစ်တပ်က ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေး ကောင်စီရော၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကပါ အခုသတင်းကြေညာချိန်အထိ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းကို လွတ်မြောက်ဖို့ ကြိုးပမ်းရာမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)အတွင်း ဦးဆောင်မှုယူခဲ့တာပါ။

ဒါပေမယ့် အင်ဒိုနီးရှားက ရေးဆွဲထားတဲ့ အစီအစဉ်အရ ရွေးကောက်ပွဲထပ်လုပ်ရေးလမ်းကြောင်းကို ဦးတည်မယ်ဆိုရင်တော့ ကြားဝင်ညှိုနှိုင်းတာကို လက်ခံဖို့မရှိကြောင်း CRPH ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက ဗွီအိုအေကိုပြောပါတယ်။

“သူတို့က တကယ်တမ်းဆိုရင်တော့ အခု စစ်အာဏာသိမ်းပြီးမှ ဒီလိုနဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ကနေပြီးတော့ စစ်ကောင်စီနဲ့ သွားတွေ့တာကတော့ စစ်ကောင်စီကို အသိအမှတ်ပြုသလိုဖြစ်နေတယ်။ ဒါကိုတော့ မြန်မာပြည်သူလူထုကို မလေးစားရာရောက်နေတယ်။ ဆိုတော့ ကျနော်တို့က တကယ်လို့များ အာဆီယံက နိုင်ငံ တခုရဲ့ အရေးကို ဝင်ရောက် မစွက်ဖက်ရေးဆိုတာ သူတို့ပေါ်လစီဖြစ်ပေမယ့်လည်း တကယ်တမ်းဆိုရင်တော့ ဒါ သူတို့က တဖက်သတ်ဆန် ပြီးတော့ ဝင်ရောက်စွက်ဖက်နေတာပဲလေ။ သူတို့က ဟုတ်တယ် သူတို့ Agenda က ကျနော်တို့ အကုန်လုံးသိနေတာပဲလေ။ သူတို့က ဟုတ်ပြီ ခင်ဗျားတို့ စစ်ကောင်စီကနေပြီးတော့ ၁ နှစ်အလိုမှာ ရွေးကောက်ပွဲကို လုပ်မယ်ဆိုတဲ့အတိုင်းပဲ ၁ နှစ် မကျော်ပဲနဲ့ ရွေးကောက်ပွဲကို လုပ်ရမယ် ဘာညာပေါ့ကွာ။ အဲဒါ ရွေးကောက်ပွဲက လုပ်စရာမလိုဘူးလေ၊ လုပ်ပြီးပြီလေ ဒါကို အသိအမှတ်ပြုလိုက်ရုံပဲ။ သူတို့က ဒီဘက်က တပ်မတော်ဘက်ကနေပြီးတော့ သူတို့ရဲ့ Propaganda mission သူတို့ မသမာမှုဆိုပြီးတော့ မဲအရေအတွက် ၈ သန်းနဲ့ ၆ သိန်းကို သူတို့ ထိုးလိုက်တယ်လေ။ ဒါက proof လည်းမရှိဘူး evidence လည်းမရှိဘူး။ ဒါကြောင့်အခုအနေအထားကို ကြည့်မယ်ဆိုရင်တော့ လုံးဝ မကျေနပ်နိုင်ဘူး။”

မြန်မာနဲ့ ပတ်သက်ရင် အာဆီယံနိုင်ငံတချို့မှာ ကိုယ်ကျိုးစီးပွားတွေရှိနေတဲ့အတွက် အခုလို စစ်အာဏာသိမ်းပြီး အရပ်သားအစိုးရကို အင်အားသုံး ဖြုတ်ချခဲ့တဲ့ လုပ်ရပ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ရပ်တည်ချက်နဲ့ပတ်သက်လို့လည်း ဒေါက်တာဆာဆာက အခုလို မေးခွန်းထုတ်သွားပါတယ်။

“အာဆီယံ က မြန်မာနိုင်ငံအရေးကို တကယ်ဖြေရှင်းချင်တယ်ဆိုရင် သူတို့ကလည်း ကြည့်မယ်ဆိုရင် Singapore က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံတခုဖြစ်တယ်။ အင်ဒိုနီးရှား တို့လည်းဖြစ်တယ်၊ ဗီယက်နမ် တို့လည်းဖြစ်တယ်။ ထိုင်း လည်းဖြစ်တယ်။ သူတို့က မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကိုပဲ ကြည့်တယ်။ လူထုကို မကြည့်ဘူး ဒါကတော့ လုံးဝကို ကျနော်လက်မခံနိုင်ဘူး ။ တဖက်ကပြောမယ်ဆိုရင်လည်း ဒါဟာ ရွေးကောက်တင်မြောက်ခံလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၀၀ ကျော်ကိုလည်း မထီမဲ့မြင်ပြုတာဖြစ်သလို အမေ ဒေါ်အောင်ဆန်းစုကြည် အချုပ်ထဲမှာ ရောက်နေတာကိုလည်း မထီမဲ့မြင်ပြုတယ်။ ထိုနည်းတူပဲ လူထုက ရွေးကောက်တင်မြောက် ထားတဲ့ သမ္မတကြီး ဦးဝင်းမြင့် သူတို့ ဖမ်းဆီးချုပ်နှောင်ထားတာကိုလည်း သဘောတူရာ ရောက်နေတယ်။”

အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို တကယ်တမ်းကြားဝင်ညှိုနှိုင်းမယ်ဆိုရင် လက်ရှိ လူထုသပိတ်ဦးဆောင်နေသူတွေအပါအဝင်၊ မြန်မာစစ်တပ်ခန့် အုပ်ချုပ်ရေးကောင်စီနဲ့ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် စတဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရမှာဖြစ်တယ်လို့ သူကဆိုပါတယ်။

“တကယ်လို့များ သူတို့လာမယ်ဆိုရင်တော့ သုံးပွင့်ဆိုင် တွေ့ရမှာဖြစ်ပါတယ်။ အခုလမ်းပေါ်မှာ ဆန္ဒပြနေတဲ့ Generation Z ခေါင်းဆောင်တွေကိုလည်း တွေ့သင့်တယ်၊ တွေ့ကို တွေ့သင့်တယ်။ ဆိုတော့ ဒီဘက်က ဟုတ်ပြီ စစ်ကောင်စီကိုလည်း တွေ့သင့်တယ်။ ဒီဘက်က အမေဒေါ်စုကိုလည်း တွေ့ကို တွေ့သင့်တယ်။ သမ္မတ ဦးဝင်းမြင့် ကိုလည်း တွေ့ကို တွေ့သင့်တယ်။ သူတို့ ဖမ်းထားသည်ဖြစ်စေ၊ မဖမ်းထားသည်ဖြစ်စေ။ ဒါက နိုင်ငံရေးက နိုင်ငံရေးလို လုပ်ရမှာဖြစ်တယ်။ ဒါကြောင့်မို့ အခုက တဖက်သတ်ဆန်ပြီးတော့ စစ်ကောင်စီနဲ့ လာညှိနှိုင်းသလို Compromise လုပ်သလိုမျိုး အာဆီယံက ဆက်လက်လုပ်နေရင် ကျနော်တို့က ငြိမ်ငြိမ်ကြည့်မှာမဟုတ်ဘူး။ အခုက ကျနော်တို့ သိပါတယ် ဒီ Singapore မှာ ဘယ်သူတွေက ဘာရှိသလဲဆိုတာ ကျနော်တို့ အကုန်လုံးသိနေတယ်။ ဒါတွေအားလုံးကို အမေရိကန်အစိုးရကိုလည်း Singapore အစိုးရကို ဒါတွေဆွေးနွေးဖို့ ကျနော်တို့မှာ ဒါအထိကို ကျနော်တို့ လိုက်လုပ်မှာဖြစ်ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno ဟာ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်မှာ မြန်မာစစ်တပ်ခန့် အုပ်ချုပ်ရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အလားတူ Retno ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့လည်း ဆွေးနွေးပြောဆိုခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ဒီဆွေးနွေးမှုနဲ့ ပတ်သက်လို့ CRPH ဘက်က တရားဝင်ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။ 


အင်ကြင်းနိုင်/ VOA Burmese

https://burmese.voanews.com/a/crph-dr-sa-sa-on-indonesia-fm-/5792052.html 

အင်ဒိုနီးရှား ကြားဝင်စေ့စပ်မှု CRPH ကုလကိုယ်စားလှယ် ပယ်ချ အင်ဒိုနီးရှား ကြားဝင်စေ့စပ်မှု CRPH ကုလကိုယ်စားလှယ် ပယ်ချ Reviewed by THITHTOOLWIN on 08:39 Rating: 5

No comments:

Powered by Blogger.