အာဏာသိမ်းမှု ဆန့်ကျင်နေသူတွေကို လေးစားဦးညွှတ်ကြောင်း CRPH ထုတ်ပြန်

အာဏာသိမ်းမှု ဆန့်ကျင်နေသူတွေကို လေးစားဦးညွှတ်ကြောင်း CRPH ထုတ်ပြန် မော်လမြိုင်မြို့ အင်ဂျင်နီယာကျောင်းသားတွေ စစ်အာဏာရှင်စနစ်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဆန့်ကျင်ရှုတ်ချစဉ် / Photo: RFA

အာဏာသိမ်းစစ်အုပ်စုရဲ့ အဓမ္မအာဏာသိမ်းမှုကို တစ်ခဲနက်ဆန့်ကျင်နေကြတဲ့ တိုင်းရင်းသား ပြည်သူတွေနဲ့ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုအတွက် နေ့စဉ်ရက်ဆက် တိုက်ပွဲဝင်နေတဲ့ အစိုးရနဲ့ ပုဂ္ဂလိက ဝန်ထမ်းတွေကို လေးစားဦးညွှတ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောခဲ့တာပါ။

ကော်မတီအနေနဲ့ စစ်အာဏာရှင်ဝါဒ ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရေးအတွက် တိုင်းရင်သား၊ နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ Committee Representing Pyidaungsu Hluttaw (CRPH) ကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားတဲ့ NLD ပါတီရဲ့ ရွေးကောက်ခံကိုယ်စားလှယ် ၁၅ ဦးနဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။

အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့သူတွေကို မူလအလုပ်တာဝန်နဲ့ ရာထူးတည်မြဲဖို့ အာမခံချက် အပြည့်အဝပေးနိုင်အောင် ဥပဒေပြဌာန်းမယ်လို့လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနေ့က ကြေညာချက် ထုတ်ပြန်ပြောထားပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ အစိုးရဝန်ထမ်းတွေ ပါဝင်နေတာကို ရပ်ပြီးအလုပ်ပြန်လုပ်ဖို့၊ လှုပ်ရှားမှုမှာ ပါဝင်တာတွေ မလုပ်နိုင်အောင် အစိုးရဝန်ထမ်းတွေကို ထိထိရောက်ရောက် တားဆီးသွားမယ်လို့လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောခဲ့ပါတယ်။

မနေ့က ညနေပိုင်းနဲ့ ညပိုင်းမှာ မိတ္ထီလာတက္ကသိုလ်က အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ပါမောက္ခဌာနမှူး ဆရာဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်က CDM လှုပ်ရှားမှုမှာပါဝင်တဲ့ မဲဇလီကုန်းက ဒေါက်တာပြည့်ဖြိုးနိုင်၊ ရှမ်းပြည်နယ်၊ မိုင်းပန်ပြည်သူ့ဆေးရုံက ဆေးရုံဝန်ထမ်းတစ်ဦးကို စာရွက်စာတမ်းပေါက်ကြားစေမှုနဲ့ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက RFA ကို ဆက်သွယ်ပြောကြားထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/crph-appreciate-people-against-coup-02122021000738.html

အာဏာသိမ်းမှု ဆန့်ကျင်နေသူတွေကို လေးစားဦးညွှတ်ကြောင်း CRPH ထုတ်ပြန် အာဏာသိမ်းမှု ဆန့်ကျင်နေသူတွေကို လေးစားဦးညွှတ်ကြောင်း CRPH ထုတ်ပြန် Reviewed by THITHTOOLWIN on 18:54 Rating: 5

No comments:

Powered by Blogger.