CDM လုပ်တဲ့ဝန်ထမ်းတွေ ဖိအားပေးခံရတာကြောင့် လုံခြုံရေး စိုးရိမ်နေ



အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ လူမှုဖူလုံရေးအဖွဲ့က CDM လုပ်နေကြတဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေ ဖိအားပေးတာတွေရှိနေလို့ သူတို့ရဲ့လုံခြုံရေးစိုးရိမ်နေရတယ်လို့ ဝန်ထမ်း တွေက ပြောပါတယ်။

နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက အလုပ်သမားဝန်ကြီးဌာနရဲ့ လူမှုဖူလုံရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်းနေတဲ့ ဝန်ထမ်း ၆၀၀ ကျော်ဟာ ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်နေကြတာပါ။

ဒီဝန်ထမ်းတွေကို ရုံးပြန်မတက်ရင် ဥပဒေအရ အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ပို့နေတယ်လို့ CDM မှာပါဝင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ လူမှုဖူလုံရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်းတွေဟာ လူထုကရွေးချယ်တင်မြှောက်တဲ့ အစိုးရ မတက် မချင်း ရုံးမတက်ဘူးဆိုတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်နေကြတဲ့ ဝန်ထမ်းတွေ အတော်များများ ရှိနေပြီး အာဏာသိမ်းစစ်ကောင်စီကလည်း ဒီဝန်ထမ်းတွေကို ဖိအားပေးတာတွေ၊ ဖမ်းဆီးတာတွေ အပါအဝင် တာဝန်ကရပ်စဲတာတွေနဲ့ တရားစွဲတာတွေအထိ လုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ CDM မှာပါဝင်တဲ့ လူမှုဖူလုံရေးအဖွဲ့က ဆရာဝန် ၅၆ ဦးကို အလုပ်ကနေ ယာယီရပ်စဲလိုက်ကြောင်းနဲ့ ဌာနအတွင်းခုံရုံးဖွဲ့ စစ်ဆေးတာတွေလုပ်နေတယ်လို့ အလုပ်ရပ်စဲခံရတဲ့ ဆရာဝန် တစ်ဦးက ပြောပါတယ်။

သူတို့ကိုတာဝန်ကရပ်နားလိုက်တာဟာ ဝန်ထမ်းစည်းမျည်းစည်းကမ်းနဲ့အညီမဟုတ်ဘဲ CDM မှာ ပါဝင် တာကြောင့် အကြောင်းမဲ့လုပ်တာလို့လည်း သူကဆိုပါတယ်။

CDM လုပ်တာကြောင့် သူ့အနေနဲ့ အလုပ်ကရပ်နားခံရတာ၊ ဆမလက်မှတ်သိမ်းခံရတာတွေအထိ ဖြစ်လာ နိုင်တယ်လို့ မျှော်လင့်ထားပြီး လက်ရှိမှာ တရားစွဲဆိုခံရနိုင်တဲ့ အခြေအနေထိဖြစ်နေတာကြောင့် တိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။

CDM လုပ်နေတဲ့ လူမှုဖူလုံရေးဝန်ထမ်းတွေဟာ ဌာနကဖိအားပေးတာ၊ လုံခြုံရေးအခြေအနေအရ ဝန်ထမ်း အိမ်ယာမှာမနေရဲဘဲ တိမ်းရှောင်နေရတာတွေလည်း ရှိနေပါတယ်။

ဝန်ထမ်းတွေရဲ့နေအိမ်တွေအထိ လိုက်လံစုံစမ်းနေတာတွေကြောင့် လုံခြုံမှုမရှိဘူးလို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒီနေ့ဆိုရင် လစာထုတ်ရက်ရောက်ပြီဖြစ်ပေမယ့် CDM လုပ်တဲ့ဝန်ထမ်းတွေဟာ လစာမရတာတွေရှိ သလို သူတို့ CDM မလုပ်ခင်ရုံးတတ်ခဲ့တဲ့ရက်တွေအတွက် လစာကိုပါ ဌာနလူကြီးတွေကမပေးဘဲ ရုံးတက်မှပေးမယ် ဆိုတာမျိုး အကျပ်ကိုင်နေတယ်လို့လည်း ဆိုပါတယ်။

CDM လုပ်တဲ့ဝန်ထမ်းတွေကို ဌာနတွင်းစစ်ဆေးတာတွေလုပ်ဖို့၊ ၂၄ ရက်နေ့ နောက်ဆုံးထား ရုံးပြန်တက်ဖို့နဲ့ ရုံးမတက်ရင် အလုပ်ထုတ်ခံရမယ်ဆိုတာအပြင် ဥပဒေကြောင်းအရပါ အရေးယူခံရမယ်ဆိုတာမျိုးအထိ ခြိမ်း ခြောက်ခံနေရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။

CDM လုပ်တဲ့ဝန်ထမ်းတွေဟာ နောက်ကြောင်းလိုက်တာ၊ ခြိမ်းခြောက်တာတွေကြောင့် စိတ်မလုံခြုံဘူး လို့လည်း ဆိုပါတယ်။ ဒီလိုခြိမ်းခြောက်မှုတွေတဘက်မှာ ရှိနေတယ်ဆိုပေမယ့်လည်း CDM လှုပ်ရှားမှုကတော့ အရှိန်မပျက်ဆက်ပြီးရှိနေပါတယ်။

ဘယ်လိုအခက်အခဲတွေရှိပါစေ CDM ကို လူထုအစိုးရတက်တဲ့အထိ ဆက်လုပ်သွားမယ်လို့ လုံခြုံရေး အရအမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ပြည်တွင်းမငြိမ်မသက်ဖြစ်အောင် အစိုးရဝန်ထမ်းတွေကို မသမာ သူတွေက သွေးထိုးလှုံဆော်ပြီး CDM မှာပါဝင်ဖို့ တိုက်တွန်းနေတာလို့ ပြောထားပါတယ်။

CDM လှုပ်ရှားမှုကို ထောက်ပံ့အားပေးနေတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ နိုင်ငံရေးသမားတွေ အပါအဝင် CDM ဦးဆောင်လုပ်နေသူတွေကို ညပိုင်းမှာ လိုက်လံဖမ်းဆီးပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူနေပါတယ်။

ဒီလိုဖမ်းဆီးအရေးယူမှုတွေကြားကပဲ CDM မှာ ပါဝင်တဲ့ ဝန်ထမ်းတွေ တနေ့တခြားများလာနေသလို အစိုးရဝန်ထမ်းတွေ အလုပ်မလုပ်တာ သီတင်းပတ်သုံးပတ်ကျော်လာပြီမို့ စစ်ကောင်စီရဲ့ လုပ်ငန်းတချို့ လည်ပတ်ဖို့ ခက်ခဲလာနေပါတယ်။

ကျန်းမာရေး၊ မြန်မာ့မီးရထားနဲ့ ပညာရေးဌာနတွေဆိုရင် လုပ်ငန်းအားလုံးနီးပါး မလည်ပတ်နိုင်ဘဲ ရပ် နေတဲ့ အထိဖြစ်နေပါတယ်။

CDM ကူညီထောက်ပံ့ရေးအဖွဲ့က ကောက်ယူထားတဲ့စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက်နေ့ တပ်မတော် အာဏာသိမ်းပြီးချိန်ကစလို့ ဝန်ကြီးဌာန ၂၄ ခုက ဝန်ထမ်း ၂၄၀၀၀ ကျော်ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲနေကြပါတယ်။

ပြည်သူအများစုကလည်း CDM လှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ကူညီတာနဲ့ ဖမ်းဆီးခံရ တာတွေ မဖြစ်အောင် ဝန်းရံပေးနေပြီး ပြည်ပရောက်မြန်မာတွေနဲ့ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံသူတွေ ကလည်း မြန်မာ့ CDM လှုပ်ရှားမှုကို အားပေးထောက်ခံနေကြပါတယ်။

RFA Burmese



CDM လုပ်တဲ့ဝန်ထမ်းတွေ ဖိအားပေးခံရတာကြောင့် လုံခြုံရေး စိုးရိမ်နေ CDM လုပ်တဲ့ဝန်ထမ်းတွေ ဖိအားပေးခံရတာကြောင့် လုံခြုံရေး စိုးရိမ်နေ Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.