မကွေးမြို့မှာ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပြည်သူနဲ့အတူ ပူးပေါင်းခဲ့ကြပြီး၊ အရေးပေါ် အခက်အခဲ ရှိနေကြတဲ့ ဆရာ၊ ဆရာမ တချို့အတွက်၊ ပြည်သူတွေရဲ့ အားပေးကြိုဆို ဂုဏ်ပြုချီးမြှင့်ငွေ တယောက်ကို သုံးသိန်းကျပ်တိတိကို ကနဦးအဖြစ် CDM Support Magway အဖွဲ့က ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
မကွေးတိုင်း ဒေသကြီးအတွင်းမြို့နယ်တိုင်းက ပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေအတွက်- ပြည်သူက ဂုဏ်ပြုချီးမြှင့်မှု၊ နှစ်သိမ့်အားပေးဆွေးနွေးမှု၊ ဥပဒေ လမ်းကြောင်း အရ အကာအကွယ်ပေး၊ အကြံဉာဏ်ပေးတာတွေ၊ စားဝတ်နေရေး အခက်အခဲအတွက် အကူအညီတွေ၊ ကျန်းမာရေးနဲ့ လူမှုကူညီရေး အစီအစဉ်တွေ အားလုံးကို CDMSupportMagway ကော်မတီဝင်တွေက ဆက်လက်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အလားတူပဲ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ အဓိကအရေးပါတဲ့၊ CDM လှုပ်ရှားမှုနဲ့ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေအတွက်၊ ဂုဏ်ပြုငွေ ချီးမြှင့်ငွေတွေ စတင် ပေးပို့တော့မယ်လို့ ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်၊ အင်္ဂါနေ့ ကနေ၊ ဖေဖော်ဝါရီ ၁၂ ရက်၊သောကြာနေ့ ညနေအထိ လက်ခံရရှိငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ခုနှစ်သောင်းတထောင်ကျော် ဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese

No comments:
Post a Comment