စစ်အစိုးရဆန့်ကျင်လှုပ်ရှားမှု အောင်မြင်ရေး ပြည်သူတွေ အခွန်မဆောင်ဖို့ CDM ပါဝင်သူတွေ တိုက်တွန်း

စစ်အစိုးရဆန့်ကျင်လှုပ်ရှားမှု အောင်မြင်ရေး ပြည်သူတွေ အခွန်မဆောင်ဖို့ CDM ပါဝင်သူတွေ တိုက်တွန်း ဒီမိုကရေစီရရှိရေး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပေးဖို့ ပုသိမ်က ဆရာမတွေ ၂၀၂၁ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဆန္ဒပြစဉ် / Photo: RFA

စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်ပြီး ရုံးမတက်ဘဲ အာဏာဖီဆန်နေကြတဲ့ CDM (Civil Disobedience Movement) အစိုးရဝန်ထမ်းတွေက တစ်နိုင်ငံလုံးက ဝန်ထမ်းတွေ ပါဝင်လာဖို့အတွက် ပြည်သူတွေ အခွန် မဆောင်ကြဖို့၊ ထိရောက်တဲ့ ထောက်ပံ့မှုတွေ ပေးနေတယ်ဆိုတာ အာမခံချက်တစ်ခုပေးဖို့ တိုက်တွန်းထားကြ ပါတယ်။

စစ်အစိုးရ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို တိုင်းနဲ့ ပြည်နယ်အသီးသီး ဝန်ကြီးဌာနအသီးက ဝန်ထမ်းတွေ ပါဝင်လာကြပါတယ်။

ဝန်ထမ်းလစာပေးနိုင်ဖို့ အဓိကအထောက်အပံ့ဖြစ်နေတဲ့ အစိုးရအခွန်တွေကို CDM လှုပ်ရှားမှုမှာ ပါဝင်နေသူ တွေက ပြည်သူတွေကို တိုက်တွန်းလိုက်ပါတယ်။

အစိုးရကိုပေးဆောင်နေရတဲ့ ကုန်သွယ်ခွန်၊ ဝင်ငွေခွန်၊ စည်ပင်ကို ပေးဆောင်နေရတဲ့ မြို့ဝင်ကြေး၊ လမ်း တံတားကြေး၊ ရေခွန်၊ အမှိုက်ခွန်၊ လျှပ်စစ်ဝန်ကြီးဌာနကို ပေးဆောင်နေရတဲ့ မီးခွန် စတဲ့ အခွန်အမျိုးမျိုး ပေးဆောင်နေမှုကို ရပ်ဆိုင်းလိုက်ဖို့ တိုက်တွန်းနေတာဖြစ်ပါတယ်။

မန္တလေးတိုင်းအတွင်းဝင်ရောက်တဲ့ ကားတွေကို ကောက်ခံရရှိတဲ့ တစ်ရက်ဝင်ငွေဟာ သိန်း ၄၀၀၀ ရှိပြီး ဒီဝင်ငွေတွေဟာ စည်ပင်ဝန်ထမ်းတွေကို လစာပေးဖို့အတွက် အထောက်အပံ့တွေဖြစ်နေတဲ့အတွက် အခွန်လုံးဝမပေးဖို့ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ မန္တလေးစည်ပင် ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

မန္တလေးမြို့နယ် စည်ပင်သာယာရေးကော်မတီမှာ အမြဲတမ်းဝန်ထမ်းနဲ့ ယာယီဝန်ထမ်း စုစုပေါင်း ၆၄၀၀ ကျော်ရှိပြီး အမြဲတမ်းဝန်ထမ်းအင်အား ၄၂၀၀ ကျော်ရှိပါတယ်။ လက်ရှိမှာ CDM လုပ်နေတဲ့ ဝန်ထမ်းက ၇၀ လောက်သာ ရှိသေးတယ်လို့ ဆိုပါတယ်။

CDM လုပ်နေတဲ့ ဝန်ထမ်းအချို့ဟာ ရုံးတက်တာမျိုးမရှိပေမယ့် ခွင့်တင်ထားတာမျိုးတွေ လုပ်နေသလို အချို့ဝန်ထမ်းတွေကတော့ ရုံးဝတ်စုံနဲ့မဟုတ်ဘဲ အပြင်ဝတ်စုံနဲ့ အလုပ်ဆင်းနေရတာလည်း ရှိနေပါတယ်။

ရုံးတက်နေတဲ့ ဝန်ကြီးဌာနတွေရှေ့မှာ နာမည်ကြီး ဆယ်လီတွေနဲ့ ပြည်သူတွေက ရုံးမတက်ဘဲ ရုန်းထွက်ကြဖို့ အင်အားပြဆွဲဆောင်ပေးဖို့ ရန်ကုန်မြို့ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက တောင်းဆိုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကြေးမုံ၊ မြန်မာ့အလင်း၊ မြန်မာ့ရုပ်မြင်သံကြား၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး စတဲ့ ဌာနကဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြပါတယ်။

CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ ဝန်ထမ်းအိမ်ရာကနေ အဓမ္မဖယ်ရှားခိုင်းတာ၊ အလုပ် ကနေ ထုတ်ပစ်တာ၊ စသဖြင့် လှုပ်ရှားမှုမှာ မပါဝင်နိုင်ဖို့ အာဏာသိမ်းကောင်စီက အမျိုးမျိုးလုပ်ဆောင် နေပါတယ်။

ဝန်ထမ်းတွေရဲ့ အဓိက စိုးရိမ်ချက်ဟာ ဝန်ထမ်းလိုင်းခန်း နေအိမ်ကနေ ဖယ်ရှားခံရမှာ၊ ပင်စင်ခံစားခွင့် စွန့် လွှတ်ရမှာ၊ လစာငွေမရရင် စားဝတ်နေရေး ကျပ်တည်းမှာ၊ ဖမ်းဆီးထောင်ချခံရရင် တာဝန်ယူ ဖြေရှင်းပေးမယ့် သူမရှိတာ စတဲ့ အခြေအနေတွေကြောင့် CDM မှာ ပါဝင်ဖို့ အကြောက်တရားတွေ ရှိနေကြတာဖြစ်ပါတယ်။

အာမခံချက်ပေးနိုင်တဲ့ အကူအညီအထောက်အပံ့တွေကို လုပ်ပေးနေတယ်ဆိုတာသိအောင် မျှဝေပေးတာ မျိုးတွေ လုပ်ဆောင်သင့်တယ်လို့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နေပြည်တော် မြန်မာ့မီးရထားဝန်ထမ်းက အကြံပြုထားကြပါတယ်။

နေပြည်တော် မြန်မာ့မီးရထားဌာနမှာ ဝန်ထမ်းအင်အား ၅၀၀ ကျော်ရှိပြီး CDM လှုပ်ရှားမှုမှာ ၂၀၀ ကျော် ပါဝင်လာတယ်လို့ ဆိုပါတယ်။

ဝန်ထမ်းတွေရဲ့ နေထိုင်ရေး စားဝတ်နေရေးတွေကို အနုပညာရှင်တွေဦးဆောင်တဲ့ We Support Heroes အဖွဲ့က ဆောင်ရွက်ပေးနေပြီး ဝန်ထမ်းအိမ်ရာတွေက ဖယ်ရှားပေးဖို့ ဖိအားပေးခံရတဲ့ ဝန်ထမ်းတွေကို နေစရာ စီစဉ်ပေးနေပါတယ်။

လေကြောင်းထိန်းသိမ်းရေး ကွပ်ကဲမှုဌာနက ဒု-အထွေထွေမန်နေဂျာနဲ့ လက်ထောက်မန်နေဂျာ နှစ်ယောက် တို့ကို CDM လှုပ်ရှားမှုမှာပါဝင်ခဲ့လို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညက အဖမ်းခံထားရပါတယ်။ ကျန်တဲ့ဝန်ထမ်း အယောက် တစ်ရာလောက်ကလည်း CDM လှုပ်ရှားမှုတွေကြောင့် စစ်အစိုးရဘက်က ဖိအားပေးတာတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးက RFA ကို ပြောပါတယ်။

အာဏာသိမ်းစစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအပါအဝင် ပြည်သူတွေ အခွန်မဆောင်ဖို့ တိုက်တွန်း ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းတချို့ဟာ မသမာသူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် လုပ်ငန်းခွင်ပျက်ကွက်နေတာကို ထိထိရောက်ရောက် တာဆီးသွားမယ်လို့ ဖော်ဖော်ဝါရီ ၁၁ ရက်နေ့က ပြောထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေနဲ့ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူတာတွေ ရှိနေပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ထိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ရရှိထားတဲ့စာရင်းအရ ဖမ်းဆီးထိန်းသိမ်းခံ ထားရသူ ၂၆၂ ဦး ရှိနေပြီဖြစ်ပါတယ်။

ဖမ်းဆီးအရေးယူတာတွေရှိနေပေမယ့် စစ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေက နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ဆက်ရှိနေပါတယ်။ ဆန္ဒပြသူတွေကို ညဘက်တွေမှာ ဝင်ရောက်ဖမ်းဆီးမှု တွေကိုလည်း ပြည်သူတွေက ဝိုင်းဝန်းကာကွယ်ပေးနေတာကိုလည်း တွေ့နေရပါတယ်။

အာဏာသိမ်းစစ်အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် CDM မှာ ပါဝင်တိုက်ပွဲ ဝင်နေသူတွေကို ညအချိန်မတော် ဝင်ရောက်ဖမ်းဆီးနေလို့ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေး အဖွဲ့တွေဖွဲ့စည်း ကြဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပန်ကြားထားပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ဝန်ထမ်းတွေကို မူလတာဝန်ရာထူး တည်မြဲဖို့ ဥပဒေနဲ့အညီ ကာကွယ်ပေးမယ်လို့ NLD ပါတီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီကလည်း ကြေညာချက်ထုတ်ပြန်ပေးထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/cdm-participants-urge-people-should-not-pay-taxes-02132021065957.html

စစ်အစိုးရဆန့်ကျင်လှုပ်ရှားမှု အောင်မြင်ရေး ပြည်သူတွေ အခွန်မဆောင်ဖို့ CDM ပါဝင်သူတွေ တိုက်တွန်း  စစ်အစိုးရဆန့်ကျင်လှုပ်ရှားမှု အောင်မြင်ရေး ပြည်သူတွေ အခွန်မဆောင်ဖို့ CDM ပါဝင်သူတွေ တိုက်တွန်း Reviewed by THITHTOOLWIN on 19:43 Rating: 5

No comments:

Powered by Blogger.