စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာဝန်၊ သူနာပြုတွေ အပါအဝင် ကျန်းမာရေး ဝန်ထမ်းအတော်များများ အာဏာရှင် ဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement) ကို ဖေဖော်ဝါရီလ ၂ ရက်က စတင်လှုပ်ရှားခဲ့ကြပါတယ်။
ဒီလှုပ်ရှားမှုတွေကြောင့် အစိုးရ ကျန်းမာရေးဝန်ဆောင်မှုယန္တရား ရပ်ဆိုင်းလုနီးနီး ထိခိုက်မှုတွေ ရှိလာတယ်လို့ ရန်ကုန်ဆေးရုံကြီး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
“CDM လုပ်လိုက်တဲ့အတွက်ကြောင့် ဆရာဝန်တွေရော သူနာပြုတွေရော တဖြည်းဖြည်း ပါလာလို့ မြန်မာပြည်ထဲမှာရှိတဲ့ ဆေးရုံအတော်များများ ၈၀ ရာခိုင်နှုန်းလောက်အထိ shut down ကျလာတယ်။ shut down ကျသွားတဲ့အတွက် ကျန်းမာရေးရဲ့ ( သက်ရောက်မှု ) ကတော့ လူနာတွေပဲ ဒုက္ခရောက်တာ ပေါ့လေ။ ဒီလိုလုပ်နေတဲ့အခါမှာ မနေ့က ညနေ ၃ နာရီခွဲလောက်က စပြီးတော့ ရန်ကုန် ဆေးရုံကြီးက Shut down ကျလုနီးပါး ဖြစ်နေရာကနေပြီးတော့ အရေးပေါ်ဌာနတွေကို ပိတ်လိုက်ရတဲ့အခြေအနေကို ရောက်သွားတယ်။” လို့ သူကပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ဆေးရုံကြီးအနေနဲ့ လက်ကျန်လူနာတွေကို ဆက်ကုသပေးနေပြီး လူနာသစ်တွေကို လက်မခံတော့ဘဲ လိုအပ်ရင် ပုဂ္ဂလိက ဆေးခန်းတွေနဲ့ ချိတ်ဆက်လွှဲပြောင်းနေတယ်လို့ ပုသိမ်မြို့ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။
"ဆရာတို့နဲ့ ထိစပ်နေတဲ့ ဆေးရုံတော်တော်များများကတော့ လုပ်ငန်းတွေ အကုန်ရပ်နေတာတော့ သိပါတယ်။ လောလောဆယ် ပုသိမ်ဆေးရုံအနေနဲ့ လက်ကျန်လူနာကို ဆက်ပြီးတော့ ကြည့်တယ်။ လောလောဆယ် ၅ ရက်နေ့ စပြီးတော့ ကြေညာတဲ့အချိန် ဆေးရုံမှာ လူနာ ၃၀၀ နီးပါးကျန်သေးတယ်။ အဲဒီလူနာတွေကို ဆက်ပြီးတော့ ကုပေးနေတယ်။ လူနာသစ်တွေကိုတော့ လက်မခံဘူး။ လူနာသစ်တွေကို သွားလို့ရအောင် အပြင်က ဆရာဝန်တွေနဲ့ အပြင်က ပရဟိတ ဆေးခန်းတွေနဲ့ ချိတ်ဆက်ထားပြီးတော့ ဘယ်နေရာတွေမှာ ဘယ်လိုဆေးကုလို့ရတယ် သူတို့ တပ်ဆေးရုံကို လွှဲချင်တယ်ဆိုရင်လည်း လွှဲပေးတာကို စီစဉ်ဆောင်ရွက်ပေးထားတယ်။"
လူနာတွေ အခက်အခဲ မဖြစ်စေဖို့ မြို့နယ် အများအပြားမှာ ပြင်ပဆေးခန်းတွေက အရေးပေါ် လူနာတွေကို ကြည့်ရှုပေးနေပါတယ်။
အစိုးရကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းလုနီးနီးဖြစ်နေတဲ့ အခြေအနေဟာ ကိုဗစ် ၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ဆေးထိုးရေး အစီအစဉ်တွေ အပေါ်မှာလည်း သက်ရောက်မှုတွေ ရှိနေပါတယ်။
ကိုဗစ် ဓာတ်ခွဲစစ်ဆေးတဲ့ ဆရာဝန်တွေ CDM လှုပ်ရှားမှုထဲ ပါဝင်နေတာကြောင့် လက်ရှိအချိန်မှာ ကိုဗစ်နဲ့ ပတ်သက်တဲ့ စာရင်းအချက်အလက်တွေ အတိအကျ မရနိုင်တော့ဘူးလို့ ဒေါက်တာ သန်းမင်းထွဋ်က ပြောပါတယ်။
“ ကိုဗစ်နဲ့ပတ်သက်လို့ လောလောဆယ်မှာလည်း ကိုဗစ်က ကျနေတယ်။ ၅ ရက်နေ့ မတိုင်ခင်နေ့ကပဲ ဆရာတို့ဆီမှာ ပိုးမတွေ့တဲ့ ရက်များနေတော့ ကိုဗစ်ရဲ့အနေအထားက လျော့တော့လျော့နေတယ်။ သို့သော် စစ်ဆေးနိုင်မှုအနေအထားက အခုလောလောဆယ်မှာ မလုပ်နိုင်တော့တဲ့အတွက် တကယ် လျော့လား မလျော့လားဆိုတာ ပြောရခက်တယ်။ တစ်နိုင်ငံလုံးရဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ကိုဗစ်စစ်တဲ့ အလုပ်ကို မလုပ်နိုင်တော့ဘူး။ CDM ထဲရောက်နေလို့ ဒီလုပ်ငန်းစဉ်ရပ်သွားတယ်လို့ ယူဆလို့ရပါတယ်။”
NLD အစိုးရလက်ထက် ကိုဗစ်ထိန်းချုပ်မှုက လမ်းကြောင်းမှန်ပေါ်ရောက်နေချိန်မှာ အာဏာ သိမ်းလိုက်တဲ့အတွက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အကောင်အထည် မဖော်နိုင်တော့ဘူးလို့ ရန်ကုန်မြို့နေ စာရေးဆရာ ဒေါက်တာ ဖြိုးသီဟက ရှုမြင်ပါတယ်။
“ ကိုဗစ်ထိန်းချုပ်မှုက အာဏာသိမ်းမှု မတိုင်ခင်က လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောလို့ရတယ်။ ကာကွယ်ဆေးလည်း ရနေပြီ။ ထိုးလဲထိုးနေပြီ။ အတိုင်းအတာတစ်ခုထိလည်း လျော့ကျလာပြီ။ အခု ဇီးရိုးဖြစ်သွားတာက ထိန်းချုပ်နိုင်တယ်ဆိုတာထက်စာရင် ယန္တရားက ပျက်နေတဲ့အတွက် စစ်လို့ဆေးလို့ မရတာ ဖြစ်မှာပေါ့နော်။ ကာကွယ်ဆေးထိုးဖို့က လတ်တလောမှာ မလွယ်လောက်တော့ဘူး။ အာဏာ သိမ်းပြီးစမှာ ဘယ်နေ့ ဘယ်ရက်ထိုးပေးမယ် စာရင်းပေးဆိုပြီး လုပ်တာတွေက ပြည်လုံးကျွတ် ဆန္ဒပြတာတွေနဲ့ ရောသွာတော့ ဒါတွေက မတည်ငြိမ်တဲ့အခြေအနေမှာ ဘာကိုမှ အကောင်အထည် ဖော်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ လုပ်ခဲ့သမျှအကုန် သဲထဲရေသွန်ဖြစ်သွားတာပေါ့။ “
အခုအချိန်ဟာ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းနဲ့ ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေအတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီးက ကျန်းမာရေး ဝန်ထမ်းတွေ လုပ်ငန်းခွင်သို့ ပြန်ဝင်ကြဖို့ကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ် ကုသရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကို RFA က ဆက်သွယ်နေပြီး အဆက်အသွယ်မရသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကနေ ပိုးတွေ့ရှိမှု ကျဆင်းလာခဲ့တာပါ။ တစ်နေ့ကို လူဦးရေ ၄၀၀ကျော် ပိုးတွေ့ခဲ့တာကနေ ရာဂဏန်း၊ ဆယ်ဂဏန်းအထိ တဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။
ဖေဖော်ဝါရီ (၈) ရက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာအသစ် လေးဦး သေဆုံး လူနာ နှစ်ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေလည်း အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု အရေအတွက် နည်းပါးသွားပြီး ပိုးတွေ့လူနာ အရေအတွက် နည်းလာတာဖြစ်ပြီး လက်ရှိစစ်အစိုးရက ကြေညာနေတဲ့ လျော့ကျနေတဲ့ ကိုဗစ်ကူးစက်မှု အရေအတွက်ကို ယုံကြည်လို့ မရကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/cdm-effect-health-sector-02092021061103.html

No comments:
Post a Comment