![]() |
လေကြောင်းလိုင်းဝန်ထမ်းများ ချီတက်ဆန္ဒပြနေကြတဲ့ မြင်ကွင်း။ |
အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်ပြီး အလုပ်မဆင်းတဲ့ လှုပ်ရှားမှုမှာပါတဲ့ လေကြောင်းထိန်း ဝန်ထမ်းတွေနဲ့ အရာရှိတချို့ကို ဒီကနေ့ မနက်အစောပိုင်းမှာပဲ လိုက်လံဖမ်းဆီးနေပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ထက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံပေါ်က ဖြတ်သန်းသွားတဲ့ နိုင်ငံတကာလေယာဉ်တွေကို ထိန်းကြောင်းပေးတဲ့လုပ်ငန်းက တာဝန်ရှိအများစုဟာ အလုပ်မဆင်းဘဲ အထွေထွေသပိတ် လှုပ်ရှားမှုမှာ ပူးပေါင်း ပါဝင်လာလို့ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက် မနက်အစောပိုင်းမှာ လိုက်လံဖမ်းဆီးတာတွေ ရှိပါတယ်။ ဝန်ထမ်းအင်အား မရှိတော့လို့ ဖြတ်သွားမယ့် နိုင်ငံတကာ လေယာဉ်တွေကို အချိန်ခွာလိုက်ရပြီး ဒီလုပ်ငန်းကနေ အစိုးရက တနှစ်ကို ဒေါ်လာသန်းချီရနေတာပါ။
လေကြောင်းထိန်းအရာရှိအများစုက အလုပ်မဆင်းတဲ့ သပိတ်လှုပ်ရှားမှုမှာ ပါဝင်လာတဲ့အတွက် လက်ရှိမှာ စစ်တပ်ကလူတချို့နဲ့ အစားထိုးထားကြောင်း လေကြောင်းထိန်း အရာရှိတဦးဖြစ်တဲ့ ဦးဝင်းအောင်ခန့်က ပြောပါတယ်။
“ ထိတာပေါ့လေ လေကြောင်းထိန်းမရှိရင်တော့ ပြဿနာရှိတာပေါ့၊ အခုတပ်ကသူနဲ့ အစားထိုးတယ်ဆိုရင်လည်း တကယ်တမ်း ဘယ်လောက်ကျွမ်းကျင်လဲပေါ့။ သူတို့က အဲလောက် ကျွမ်းကျင်တဲ့အဆင့် မဟုတ်ဘူးပေါ့နော် တစ်အချက်က၊ နှစ်အချက်က အရမ်းကျွမ်းကျင်ရင်တောင်မှ သက်ဆိုင်ရာ လက်မှတ်တွေ ထုတ်ပေးထားတာတွေ မရှိဘူးဆိုရင်တော့ Control လုပ်ခွင့်မရှိဘူးပေါ့၊ တခုခု Accident ဘာညာဆိုရင်တော့ ပြဿနာရှိတယ်ပေါ့။ အတင်းသူဖာသူ Control ဝင်လုပ်တယ် ချက်ချင်း လက်မှတ် အခုထုတ်ပေးလိုက် ဆိုပြီး Control ဝင်လုပ်မယ်ဆိုရင် ကျန်တဲ့ Consequences တွေ ဖြစ်လာနိုင်တယ်။”
လေကြောင်းပို့ဆောင်ရေးက တာဝန်ရှိသူတွေလည်း အလုပ်မဆင်းတဲ့ လှုပ်ရှားမှု CDM မှာပါဝင်လာပြီး ရှေ့ဆက်လည်း လုပ်ဆောင်သွားမယ်လို့ အရာရှိတဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်သိန်းက ဗွီအိုအေကို ပြောပါတယ်။
“ ဒါကကျမတို့လည်း တရားမှုနဲ့ မတရားမှု ပေါ့နော် ဒါပါပဲ၊ မတရားမှုကို တိုက်ပွဲဝင်တာပါပဲ၊ ကျမက သူများတွေအနေနဲ့တော့ မပြောလိုပါဘူး ကိုယ့်အနေနဲ့ကတော့ ကိုယ်ကတော့ ဆက်ပြီးလုပ်မှပါပဲ။”
မြန်မာ လေကြောင်းလိုင်းတွေကို လောင်စာဆီအဓိက ထောက်ပံ့နေတဲ့ Puma စွမ်းအင်ကုမ္ပဏီဟာလည်း မြန်မာပြည်တွင်း အခြေအနေတွေကြောင့် ပြည်တွင်းမှာ သူ့ရဲ့ လုပ်ငန်းတွေကို ခဏရပ်ဆိုင်းထားမယ်လို့ စာထုတ်ပြန်လိုက်ပါတယ်။ လောင်စာဆီအခက်အခဲကြောင့် စစ်ဘက်ဆိုင်ရာ လေယာဉ်တွေကို ရုတ်တရက် မထိခိုက်နိုင်သေးပေမဲ့ ပြည်တွင်း လေကြောင်းလိုင်းတွေကိုတော့ သက်ရောက်မှု ရှိလိမ့်မယ်လို့ လေကြောင်းထိန်းအရာရှိ ဦးဝင်းအောင်ခန့်ကပြောပါတယ်။
လက်တလောမှာ တာဝန်ရှိသူတွေက လေယာဉ်ဆီ လိုအပ်ချက်ကို ဘယ်လိုစီစဉ်မယ်ဆိုတာ မသိရသေးကြောင်း ဗွီအိုအေကို ပြောပါတယ်။
“ ဥပမာအားဖြင့် Operate လုပ်နေတဲ့ အဖွဲ့အစည်းပေါ့နော်၊ Puma နေရာမှာ ဘာနဲ့အစားထိုးမလဲပေါ့။ MPE ကတော့ ချက်ချင်းတော့ လုပ်နိုင်လိမ့်မယ်လို့ မထင်ဘူးပေါ့နော်၊ သူ့နေရာမှာတော့ စစ်တပ်ဘက်က အင်ဂျင်နီယာတွေ ဘက်ကပဲ၊ ထောက်ပို့ဘက်ကပဲ ဝင်လုပ်ပေးမလား၊ အဲဒီဟာကိုပဲ စဉ်းစားရမယ်ပေါ့နော်။ ဒါ သူတို့ (Puna Energy) ဘက်က ဘယ်လိုသွားလဲ မသိဘူး ဥပမာ သူ့ရဲ့ Logistics ကိုပဲ ရပ်လိုက်တာလား၊ ကျန်တဲ့သူ့ရဲ့ Stock တွေပါ ရပ်လိုက်တာလား။ အဲဒါကတော့ သူတို့ အသိဆုံးပဲ ဖြစ်လိမ့်မယ်။”
ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုဖြစ်တဲ့ Kirin ကုမ္ပဏီဟာ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ လက်တွဲလုပ်ကိုင်တာကို ရပ်ဆိုင်းမယ်လို့ ဖေဖော်ဝါရီ ၅ ရက်မှာ ကြေညာလိုက်သလို တခြားပြည်ပ ကုမ္ပဏီတချို့လည်း စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ လက်တွဲတာ ဖြုတ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ဒီရက်ပိုင်း ထွက်ပေါ်နေတာပါ။
အာဏာသိမ်း စစ်ကောင်စီအစိုးရ အာဏာယူထားတဲ့ တပတ်အတွင်းမှာ ပြည်သူ့ဝန်ထမ်း သိန်းနဲ့ချီပြီး အလုပ်မသွားတဲ့ လှုပ်ရှားမှု (CDM) အားကောင်းလာပြီး အလုပ်ပြန်တက်ဖို့၊ အလုပ်ထွက်ဖို့ အရာရှိတွေရဲ့ ဖိအားပေးတာတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ဇော်ထက်/ VOA Burmese
https://burmese.voanews.com/a/airline-employees-arrested-for-anti-coup-protest/5775577.html

No comments:
Post a Comment