![]() |
Myanmar Military coup protest in Yangon |
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၄ ရက်မြောက် နေ့မှာတော့ အာဏာပိုင်တွေက အင်အားသုံးနှိမ်နင်းတာ ဖမ်းဆီးတာတွေလည်း ရှိလာပါတယ်။ နေပြည်တော်မှာ ဆိုရင်လည်း ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းမှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို၊ မန္တလေးနဲ့ တခြားမြို့တွေမှာလည်း ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။
လူစုလူဝေးမလုပ်ဖို့ အာဏာပိုင်တွေက သတိပေးထားပေမဲ့ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေရာအနှံ့ ဆက်လက်ဖြစ်ပွားနေပါတယ်။ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာတော့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မီးသတ်ပိုက်တွေသုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့သလို၊ ပစ်ခတ်နှိမ်နင်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၀ လောက် ရှိခဲ့ကြောင်းလည်း မြို့ခံတွေက ပြောပါတယ်။ ဒီအထဲက ၂ ယောက်ကတော့ ထိခိုက်မှုပြင်းထန်တယ်လို့လည်း ဒဏ်ရာရသူတွေကို ကုသမှုပေးနေတဲ့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတဦးက ပြောပါတယ်။
“ဘယ်သူမှ မသေသေးဘူးခင်ဗျ။ တစ်ယောက်က ရင်ဘတ်ကို ထုတ်ချင်းပေါက်သွားတာပါ။ တစ်ယောက်ကတော့ ခေါင်းကို ကျည်ထိတဲ့ တစ်ယောက်ကတော့ ခုထိ အသက်ရှင်ပါသေးတယ်။ သူကို သေပြီဆိုတော့ အပြင်မှာပျံ့နေတယ်။ ဒါပေမယ့် အနေအထားက ရှင်းရှင်းပြောလို့ရှိရင် ဒါက သေပြီလိုပြောလို့ရတဲ့ အနေအထားပဲ။ ကျွန်တော်တို့က အသက်ရှုရပ်တန့်နေတာကို အသက်ရှုစက် ရိုက်ထားပေးတာ။ ကျွန်တော်တို့ကတော့ အခုအနေအထားကတော့ ရာဘာကျည်ဆန်နဲ့ဆိုရင် ဒီလောက်ထိ ထိခိုက်ဒဏ်ရာမရနိုင်ဘူးလို့ ကျွန်တော်တို့ထင်ပါတယ်။ ပြောလို့တော့မရသေးဘူး။ ဦးခေါင်းကိုထိတဲ့ ကျည်ဆန်ကတော့ ဦးခေါင်းခွံထဲမှာပဲ ရှိနေသေးတယ်လို့ထင်ပါတယ်။ ဦးခေါင်းဓာတ်မှန်တွေအရလေ။”
နေပြည်တော်က ဆန္ဒပြပွဲအတွင်း အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဒဏ်ရာရသူ တဦးရဲ့ သူငယ်ချင်းဖြစ်သူကလည်း မျက်မြင်ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်ကို အခုလိုပြောပြပါတယ်။
“လူတွေကို စိတ်မဆိုးဆိုးအောင်လုပ်ပြီးတဲ့ အချိန်မှာ ရာဘာသေနတ်တွေနဲ့လည်းဖောက် Water Gun တွေနဲ့လည်းပစ်နေတယ်။ ကျွန်တော်ကလည်း ကျွန်တော်တို့ဖက်က ကျသွားတဲ့သူတွေကို သွားဆွဲထုတ်နေတယ်။ ကျွန်တော်သူငယ်ချင်းကိုလည်း ကျွန်တော် သွားဆွဲထုတ်ခဲ့တယ်၊ ထုတ်ပြီးတော့ ဒီကောင့်ကို မပစ်ပါနဲ့ဆိုတာကို သူက စစ်အာဏာရှင် အလိုမရှိဆိုပြီးတော့ လော်နဲ့အော်ပြီးတော့ ပြန်ပြေးတဲ့အချိန်မှာ သူ့ကိုနောက်ကနေ ရည်ရွယ်ချက်ရှိရှိ ကျွန်တော့်သူငယ်ချင်းရဲ့ နောက်ကျောကို ပစ်သွားတာဗျာ။”
မန္တလေးမြို့မှာလည်း ဒီကနေ့ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်အခြေအနေတွေ ကြုံခဲ့ရပါတယ်။ မန္တလေးမြို့က ၃၈ လမ်းနဲ့ ၇၈ လမ်းထောင့်မှာ ဆန္ဒပြနေသူတွေက ရဲတပ်ဖွဲ့က မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲဖို့ ကြိုးစားခဲ့တာပါ။ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားသူတွေ ရှိပေမဲ့ အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိနေကြောင်းလည်း မန္တလေးတိုင်း ရဲတပ်ဖွဲ့က ဒုရဲမှုးကြီး မောင်မောင်က ဗွီအိုအေကို ပြောပါတယ်။
“၅၀ ကျော်လောက်ရှိပါတယ်။ အခြေအနေအေးအေးဆေးဆေးပါပဲ။ ၃၈ လမ်း ၇၃ လမ်းဖက်မှာတော့ သူတို့တွေက ခဲတွေနဲ့ ပြန်ပစ်လို့ ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရသွားတာရှိပါတယ်။ မန္တလေးပြည်သူပြည်သားတွေ အေးအေးဆေးဆေး အေးအေးချမ်းချမ်းပါပဲ။”
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နေရာအနှံ့ပေါ်ပေါက်နေတဲ့အထဲက ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ပြည်နယ် တချို့မှာလည်း အာဏာပိုင်တွေက လူစုခွဲ၊ နှိမ်နင်းဖို့ ကြိုးပမ်းတာတွေ၊ ဖမ်းဆီးမှုတွေလည်း ရှိပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတာတွေ မလုပ်ဖို့နဲ့ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးကို အကာအကွယ်ပေးဖို့ ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန် တိုက်တွန်းခဲ့တာပါ။
ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စစ်တပ်က အာဏာသိမ်းတဲ့ လုပ်ရပ်ကို ငြိမ်းငြိမ်းချမ်းချမ်း ကန့်ကွက်ဆန္ဒပြနေသူတွေကို အင်အားသုံး နှိမ်နင်းတာတွေ မလုပ်ဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်တွေကို လေးစားဖို့ သတိပေးထားပါတယ်။ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံးနှိမ်နင်းတဲ့ သတင်းတွေ အလွန်အမင်း စိုးရိမ်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ဆန္ဒပြသူတွေအပေါ် အင်အားအလွန်အကျွံသုံးတာကို လက်မခံနိုင်ကြောင်းနဲ့ လွတ်လပ်စွာ စုဝေးခွင့်၊ ထုတ်ဖော်ပြောဆိုခွင် အပါအဝင် အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့လည်း ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Ola Almgren ကတိုက်တွန်းထားပါတယ်ရှင်။
အိမ့်သန္တာထွန်း/ VOA Burmese
https://burmese.voanews.com/a/myanmar-army-use-water-cannon-and-gun-fire/5771447.html

No comments:
Post a Comment