ဦးကျော်မိုးထွန်း မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေကြောင်း ကုလသမဂ္ဂပြော


ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဆဲပဲလို့ အမည်မဖော်လိုတဲ့ ကုလသမဂ္ဂ အရာရှိတစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖေဖော်ဝါရီ ၂၈ ရက် ဒီနေ့ ဖော်ပြပါတယ်။

အစိုးရ အပြောင်းအလဲနဲ့ပတ်သက်လို့ ကုလသမဂ္ဂကို တရားဝင် အကြောင်းကြားလာတာ မရှိသေးတဲ့အတွက် အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရသစ်အဖြစ် တရားဝင် အသိအမှတ် ပြုမထားဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂ ပြောခွင့်ရသူ စတက်ဖ်နီ ဒူဂျာရစ်ကလည်း… မြန်မာကိုယ်စားလှယ် အပြောင်းအလဲနဲ့ ပတ်သက်ပြီး မြန်မာဘက်က ဆက်သွယ် အကြောင်းကြားလာတာ ဘာတစ်ခုမှ မရှိသေးဘူးလို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ဦးကျော်မိုးထွန်းဟာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဆဲပဲလို့ ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ဖို့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ဖေ‌ဖော်ဝါရီ ၂၆ ရက်နေ့က ကုလသမဂ္ဂ အစည်းအဝေးမှာ တိုက်တွန်းထားတာပါ။

ဒီလိုပြောဆိုခဲ့တာကြောင့် နောက်တစ်ရက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက ဦးကျော်မိုးထွန်းကို နိုင်ငံတော် သစ္စာဖောက်အဖြစ် စွပ်စွဲပြီး ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံတကာ မြန်မာသံရုံးတွေ၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာရှိတဲ့ သံမှူးတွေ၊ သံရုံးအုပ်တွေ၊ သံရုံးစာရေးတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ကို ပြန်ခေါ်လိုက်တဲ့ အမိန့်ကြော်ငြာစာတွေလည်း အင်တာနက် လူမှုကွန်ရက်မှာ ပေါက်ကြား ပျံ့နှံ့နေပါတယ်။

သံမှူးအသစ်တွေ အစားထိုးခန့်အပ်တဲ့ နောက်ထပ် အမိန့်ကြော်ငြာစာတစ်စောင်မှာတော့… ကူဝိတ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ဩစတြီးယားသံရုံးတွေမှာ သံမှူးကြီးအသစ်တွေ ခန့်ထားလိုက်ကြောင်းနဲ့၊ နယူးယောက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ်ရုံး သံမှူးအဖြစ် ဦးထွန်းနောင် ဆိုသူကို ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်း ဖော်ပြထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/un-myanmar-kyaw-moe-htun-military-coup-02282021111950.html

ဦးကျော်မိုးထွန်း မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေကြောင်း ကုလသမဂ္ဂပြော  ဦးကျော်မိုးထွန်း မြန်မာကိုယ်စားလှယ်အဖြစ် ဆက်ရှိနေကြောင်း ကုလသမဂ္ဂပြော Reviewed by THITHTOOLWIN on 23:44 Rating: 5

No comments:

Powered by Blogger.