တနင်္သာရီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို ပြန်လည်လွတ်မြောက်

တနင်္သာရီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ နေ့မှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုဟာ စနေနေ့ညမှာ ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ ဖမ်းဆီးထားစဉ် ကာလတလျှောက်လုံး သူ့ကို ဘိတ်မြို့က စစ်တပ်ဝင်းထဲမှာပဲ ထိန်းသိမ်းထားတာဖြစ်ပြီး ပြန်လွှတ်ပေးတော့လည်း ကြိုတင်အသိပေးတာမျိုး မရှိဘဲ အရင် သူနေခဲ့တဲ့ ပြည်နယ်အစိုးရ ဝန်ကြီးအိမ်ရာကို ရဲတပ်ဖွဲ့က ပြန်လည် ပို့ဆောင်ခဲ့တာလို့ ဒေါ်ရီရီချိုက ပြောပါတယ်။ ဒေါ်ရီရီချိုကို ကိုဇော်ဝင်းလှိုင် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဒေါ်ရီရီချို - “ကျမ ဘာမှမသိခဲ့ရဘူး၊ အခု ၉ နာရီလောက် အိမ်ရောက်ပြီးမှ ကျမ သိရတာ။”

ကိုဇော်ဝင်းလှိုင် - အခုကတော့ အရင်နေတဲ့ ဝန်ကြီးအိမ်ရာကို ပြန်ရောက်နေတာလား။

ဒေါ်ရီရီချို - “ဟုတ်ကဲ့၊ ကျမကို ဒီနေရာပဲ ပို့ထားလိုက်တယ်။”

ကိုဇော်ဝင်းလှိုင် - သူတို့ကပဲ လိုက်ပို့ပေးတာပေါ့။

ဒေါ်ရီရီချို - “ဟုတ်ကဲ့၊ သူတို့လိုက်ပို့ပေးတယ်၊ ရဲက လိုက်ပို့ပေးတာပါ။”

ကိုဇော်ဝင်းလှိုင် - ဆရာမကို ဘယ်နေရာမှာ သူတို့ထိန်းထားတာလဲခင်ဗျ။

ဒေါ်ရီရီချို - “ကျမတို့က တပ်ထဲမှာ။ ဘိတ်က ၂၆၅ လား၊ အဲဒီတပ်ထဲမှာ။”

ကိုဇော်ဝင်းလှိုင် - အခု ပြန်လွှတ်ပေးတော့ရော သူတို့က ဘာများမှာလိုက်သေးလဲ။ အခုဆိုရင် ဆရာမလည်း ကြားမှာပေါ့၊ တချို့ ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေ ဒုတိယအကြိမ် ပြန်အဖမ်းခံရတာ ရှိတယ်လေ။ အပြင်ရောက်တော့ Civil Disobedience Movement တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွဲချက်တွေလည်း ပါတာပေါ့။ အပြင်မှာ နိုင်ငံရေး ဆက်လှုပ်ရှားလို့ဆိုတဲ့ဟာမျိုးနဲ့ ပြန်စွဲတာရှိတော့ ဆရာမကိုရော သူတို့ မှာလိုက်တာရှိလား၊ သဘောက ဘာမလုပ်ပါနဲ့ ညာမလုပ်ပါနဲ့ ဆိုတာမျိုး။

ဒေါ်ရီရီချို - “အဲဒီလိုတော့ မမှာလိုက်ပါဘူး။ ဒါပေမယ့် ဝင်းထဲမှာတော့ ဟိုကူး ဒီကူး သိပ်မသွားဖို့တော့ ပြောတယ်။”

ကိုဇော်ဝင်းလှိုင် - လွှတ်ပေးမယ့်အချိန်မှာ ဆရာမ ကြိုသိလား။ သူတို့က ဘယ်လိုပြောပြီး လွှတ်ပေးတာလဲ။

ဒေါ်ရီရီချို - “ကြိုတော့မသိပါဘူး။ ဘာမှာလိုက်လဲဆိုတော့ တအား ထူးထူးကြီးတော့ မဟုတ်ပါဘူး။ အပြင်ရောက်ရင်တော့ ဖြစ်နေတဲ့ဟာတွေကြီးပဲပေ့ါ။”

ကိုဇော်ဝင်းလှိုင် - ဆရာမကို ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ထိန်းထားတာပေါ့။ အခု ၁၃ ရက်ရှိပြီဆိုတော့ ၁၃ ရက်ကြာမှာ ပြန်လွတ်တယ်ဆိုတော့ ဒီကြားထဲမှာ ဆရာမတို့ အဲဒီမှာ ဘယ်လိုနေကြလဲ။ ဆရာမနဲ့အတူ ဘယ်သူတွေရော ပါသေးလဲ။

ဒေါ်ရီရီချို - “ကျမကတော့ ကျမတယောက်တည်း တပ်ထဲမှာပဲဆိုတော့။ ဘာမှတော့ ပြောတာလည်း မရှိဘူး။ ဘာမှမသိရဘူး။ ဧည့်ရိပ်သာမှာ ဧည့်သည်တည်းတဲ့ အခန်းမှာပေါ့။ အဲဒီမှာပါပဲ။ ဖုန်းတွေ ဘာတွေလည်း ကျမတို့မှာ မရှိဘူး၊ ယူထားတာဆိုတော့။ သတင်းလေးဘာလေးတော့ ကြည့်ရတယ်၊ MRTV တို့ ဘာတို့။ ကျန်တာတော့ မသိရဘူး။ အဓိကတော့ ကျမတို့ ဘာမှမသိရတာပေ့ါ။”

ကိုဇော်ဝင်းလှိုင် - မေးတာမြန်းတာလည်း မရှိဘူးပေါ့။ သဘောက ဆရာမတို့ကို ထိန်းထားတယ် ဆိုပေမယ့်လည်း တခြား အချုပ်သားတွေကို ထိန်းထားသလိုမျိုး မဟုတ်ဘဲနဲ့ ဧည့်သည်တယောက်လို ခေါ်ပြီး အကျယ်ချုပ်နဲ့ထားတဲ့ ပုံစံမျိုး ဖြစ်မယ်။

ဒေါ်ရီရီချို - “ပိတ်ထားတာ။ အခန်းထဲမှာ ပိတ်ထားလိုက်တာပေါ့။ အဲဒါပါပဲ။”

ကိုဇော်ဝင်းလှိုင် - အခု အပြင်ရောက်ပြီဆိုတော့ တွေ့ရ ကြားရ မြင်ရတာတွေ ဆရာမ ဘယ်လိုခံစားမိလဲ။ အခုဖြစ်နေတာတွေ။

ဒေါ်ရီရီချို - “ကျမ ည ၁၀ နာရီလောက်မှ အိမ်ကိုရောက်တာဆိုတော့၊ အိမ်မှာကလည်း လူမရှိဘူးဆိုတော့ ကျမ ဒီမှာနေဖို့ဟာလေးတွေ ပြင်ဆင်တာနဲ့ဆိုတော့ ဘာမှတော့ သိပ်ပြီး မသိရသေးဘူးပေါ့။ နောက်တော့ ကျမ ဖေ့စ်ဘုတ်လေးဘာလေး ဖွင့်၊ ချက်ချင်း သူက မရဘူးဖြစ်နေတာကိုး။ အဲဒါလေးတွေ လုပ်လိုက်ရင် သိရမယ်။”

ကိုဇော်ဝင်းလှိုင် - တခြားရော ဆရာမ အခု ဖြစ်သွားတဲ့ဖြစ်စဉ်၊ ကိုယ်ထိန်းသိမ်းခံရတာ အပါအဝင်ပေါ့၊ အခု နိုင်ငံရေးဖြစ်စဉ်တွေ၊ စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တဲ့ အနေအထားတွေနဲ့ ပတ်သက်လို့ ဆရာမ ပြောချင်တာရှိသလား။

ဒေါ်ရီရီချို - “ဒါကတော့ ထိန်းသိမ်းမခံရခင် ရက်ပိုင်းကလေးကမှ ကျမတို့လည်း ကြားသိတာ။ အဲဒါလေးတွေတော့ ရှိပါတယ်။ အဲဒီတော့ ကျမတို့လည်း ဘာပြောပြော စိတ်ရောဘာရော အဆင်သင့်တော့ လုပ်ထားပါတယ်။ ဘာဖြစ်မယ်မှန်း မသိဘူးပေါ့။ ပြန်လာတဲ့ဟာကတော့ ကျမ အခု စကားတွေ ဘာတွေ ပြောရင်း ဟိုရှာ ဒီရှာ လုပ်ရင်းနဲ့တော့ နည်းနည်း ကြားထားပြီးပါပြီ။ ကျမ နည်းနည်းလည်း ပန်းတာနဲ့ အိပ်ပျော်သွားတယ်။ မနက်ဖြန်ကျတော့ နည်းနည်းပိုပြီးတော့ ပြည့်ပြည့်စုံစုံလေး သိအောင် ကြိုးစားမယ်။ တချို့ဟာလေးတွေ ကြားထားပါတယ်။”

ကိုဇော်ဝင်းလှိုင် - လူထုကလည်း အခုအချိန်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်နေတယ်။ လူထုကလည်း ခေါင်းဆောင်မှုကို မျှော်တာပေါ့။ အထူးသဖြင့် ရွေးကောက်ခံထားရတဲ့ NLD ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ဘယ်အဆင့်ရှိမလဲ ဆိုတာကို မျှော်နေကြတဲ့ အနေအထားရှိတယ်။ CRPH ဆိုပြီးတော့ အပြင်မှာရှိနေတဲ့ လွှတ်တော်အမတ်တွေက ဖွဲ့ပြီးတော့ လုပ်နေကြတာ ရှိတယ်။ သူတို့လည်း အတိုင်းအတာ တခုထိတော့ ကြေညာချက်ထုတ်တာ ဘာညာ လုပ်နိုင်ပေမယ့် ပြည်သူကတော့ တခုခု တစုံတရာ၊ အထူးသဖြင့် ထိပ်ပိုင်း ခေါင်းဆောင်တွေ ဆက်ပြီး ထိန်းသိမ်းခံရတဲ့ အပေါ်မှာ စိုးရိမ်နေကြတာ ရှိတယ်။ နောက် အခု ဆရာမတို့လို ပြည်နယ် တိုင်း ဒေသကြီးက အစိုးရ တာဝန်ရှိတဲ့သူတွေ ထိန်းသိမ်းခံရတယ်။ နောက် ပြန်လွတ်လာပြီး သူတို့ရဲ့ ဦးဆောင်မှု ဘယ်လိုပေးနိုင်မလဲ ဆိုပြီးတော့ မျှော်လင့်ကြတာလဲ ရှိကြတာပေါ့။ ဆိုတော့ အဲဒါလေးတွေကို ဆရာမတို့ အခု အပြင်မှာရှိတဲ့လူတွေနဲ့ တိုင်ပင်ပြီး ဘယ်လို ရှေ့ဆက်သွားမလဲဆိုတာ ကျနော်တို့က သိချင်တာပါ။

ဒေါ်ရီရီချို - “ဘယ်သူနဲ့မှ စကားတော့ သိပ်အများကြီး မပြောရသေးပါဘူး။ နည်းနည်းချင်းပေါ့၊ သတင်းမေးလာတဲ့ ဆွေမျိုးသားချင်းတွေကိုပဲ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ဟာလေး။ ရောက်တာနဲ့ ငိုက်သွားတာလည်း ပါတယ်။ မနက်ဖြန်ကျရင်တော့ သတင်းတွေ သေချာ သိရလိမ့်မယ်။”

ကိုဇော်ဝင်းလှိုင် - အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။


ကိုဇော်ဝင်းလှိုင်/ VOA Burmese

https://burmese.voanews.com/a/daw-yee-yee-cho-release/5777601.html

တနင်္သာရီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို ပြန်လည်လွတ်မြောက် တနင်္သာရီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို ပြန်လည်လွတ်မြောက် Reviewed by THITHTOOLWIN on 08:04 Rating: 5

No comments:

Powered by Blogger.