ရန်ကုန် ကုလနဲ့ သံရုံးတချို့ရှေ့ ဆန္ဒပြမှု အရှိန်မြင့်လာ

ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့မှာ စစ်အစိုးရဆန့်ကျင် ဆန္ဒပြကြသူများ။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)

စစ်တပ်က အာဏာသိမ်းတာကို နိုင်ငံတကာ ဖိအားပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံခြားသံရုံးတချို့ရှေ့ ဆန္ဒပြမှုတွေမှာ ဒီနေ့ ဆန္ဒပြအရေအတွက် ပိုများလာပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေကို ညပိုင်း လိုက်လံဖမ်းဆီးတာတွေ မလုပ်ဖို့လည်း ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။ ဒီကနေ့ ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းမှာ ဒီနေ့ ဆက်လက်ဖြစ်ပွားခဲ့ပြီး လူတွေ သိန်းနဲ့ချီပြီး ပါဝင်ခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာတော့ ဒီနေ့ဆိုရင် လူတွေ လမ်းပေါ်ထွက် ဆန္ဒပြတာ ၈ ရက်မြောက် ရှိသွားပြီဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဆန္ဒပြတဲ့သူတွေဟာ နိုင်ငံတကာအနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးဖို့အတွက် ကုလသမဂ္ဂရုံး အပါအဝင် နိုင်ငံတကာသံရုံးတွေရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပြီး တက္ကသိုလ်ရိပ်သာလမ်းက အမေရိကန်သံရုံးရှေ့မှာ ဆိုရင်လည်း ဆန္ဒပြတဲ့သူတွေဟာ သောင်းနဲ့ချီအထိ ရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ဆန္ဒပြတဲ့သူတွေဟာ တရုတ်သံရုံး၊ စင်ကာပူသံရုံး စတဲ့ ဒေသတွင်းက မြန်မာ့အိမ်နီးချင်း နိုင်ငံတွေရဲ့ သံရုံးတွေရှေ့မှာ ဒီနေ့ သွားရောက်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ ဆန္ဒပြတဲ့သူတွေဟာ လှည်းတန်းမီးပွိုင့် အပါအဝင် မြေနီကုန်း၊ မြန်မာပလာဇာရှေ့ အပါအဝင် ရန်ကုန်မြို့ နေရာအနှံ့မှာ စုဝေးဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားတဲ့သူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။ စမ်းချောင်းမြို့နယ် မြေနီကုန်းက ဆန္ဒပြပွဲအတွင်းမှာတော့ ညဘက်တွေမှာ လူတွေကို လိုက်လံဖမ်းဆီးတာတွေကို မလုပ်ဖို့ တောင်းဆိုတာတွေ ဒီနေ့မှာ ရှိခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ရန်ကုန်မြို့ခံတဦးဖြစ်တဲ့ ကိုကျော်ကျော်မျိုးဟန်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော် မြေနီကုန်း ခုံးတံတားအောက်ကို ရောက်တော့ စီးပွားရေးတက္ကသိုလ်က ကျောင်းသားတွေ၊ နောက် တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေနဲ့ တော်တော်လေး ပြည့်ကျပ်နေပြီး အရင်ကထက်ပိုပြီး လူများလာတယ်။ အရင်ကထက်ပိုပြီး စည်းလုံးလာတယ်။ သိန်းဂဏန်းလောက် ရှိမယ်ထင်တယ်၊ မြေနီကုန်းမှာ၊ ဟိုဘက် ဒဂုံစင်တာ အောက်တွေရော။ CDM Movement ကို အဓိက တောင်းဆိုကြပြီး ကြွေးကြော်သံတွေ ကြွေးကြော်ကြတယ်။ ဒီနေ့မှာ ထပ်တိုးလာတာတော့ Stop arresting people at the midnight ဆိုတာလေး တိုးလာတယ်။ ညဘက်မှာ လူတွေလိုက်ဖမ်းနေတာကို ရပ်တန့်ပေးပါဆိုပြီးတော့ ဆိုင်းဘုတ်တွေ ကိုင်စွဲလာတာ တွေ့ရတယ်။”

ရန်ကုန်မြို့ ဒီနေ့ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြ ကျောင်းသားပြည်သူတွေနဲ့အတူ လေကြောင်းလိုင်းက ဝန်ထမ်းတွေ၊ ရထားပို့ဆောင်ရေးဌာနက ဝန်ထမ်းတွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနက အောက်ခြေ သန့်ရှင်းရေးဝန်ထမ်းတွေ အပြင် ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာန ကျောင်းသား ကျောင်းသူဟောင်းတွေ အပြင် မြန်မာ့လက်ရွေးစင် ဘောလုံးသမားတွေလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM Myanmar) ရဲ့ ဦးဆောင်မှုနဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေ သပိတ်မှောက်တာကြောင့် ရန်ကုန်မြို့ အဝင်အထွက် ရထားလိုင်းအားလုံး မနေ့ကတည်းက ရပ်ဆိုင်းသွားတယ်လို့လည်း သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၆ နှစ်ပြည့်မြောက်တဲ့ မွေးနေ့ဖြစ်တာကြောင့် နိုင်ငံတဝန်းက နေရာအတော်များများမှာ ဆန္ဒပြတဲ့သူတွေကို ဗိုလ်ချုပ်အောင်ဆန်းကြိုက်တဲ့ ပဲပြုတ်နဲ့ နံပြား ကျွေးတာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေဘက်က အကြမ်းဖက်နှိမ်နင်းမှုတွေ ရှိခဲ့တဲ့ မန္တလေးမြို့မှာဆိုရင်လည်း ဒီနေ့မှာ ဆန္ဒပြတဲ့သူတွေ သိန်းနဲ့ချီရှိခဲ့ပြီး သက်ဆိုင်ရာ ဆန္ဒပြ သပိတ်စစ်ကြောင်းတွေအလိုက် လူတွေသိန်းနဲ့ချီပြီး မြို့အနှံ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။

ဒါ့အပြင် အစိုးရရုံးစိုက်ရာ မြို့တော် နေပြည်တော် အပါအဝင် မုံရွာ၊ ဘားအံ စတဲ့ မြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့သလို ဘားအံမြို့က ဆန္ဒပြပွဲတွေမှာတော့ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဆန္ဒပြတဲ့သူတွေနဲ့ ပူးပေါင်းပါဝင်ခဲ့တာကိုလည်း တွေ့ခဲ့ရပြီး ဆန္ဒပြပွဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။


 ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/myanmar-protests/5777080.html

ရန်ကုန် ကုလနဲ့ သံရုံးတချို့ရှေ့ ဆန္ဒပြမှု အရှိန်မြင့်လာ ရန်ကုန် ကုလနဲ့ သံရုံးတချို့ရှေ့ ဆန္ဒပြမှု အရှိန်မြင့်လာ Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.