ကျည်အစစ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာပျံ့နှံ့နေ


ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေကို ပစ်ခတ်မယ်ဆိုပြီး သေနတ်ကိုင်ခြိမ်း‌ခြောက်ထားတဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့အပေါ် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြသူတွေ စိုးရိမ်နေကြပါတယ်။

ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေ၊ ညဘက်မှာ သံပုံးတီးပြီး ဆန္ဒပြသူတွေကို ညဘက်တာဝန်မှူးအဖြစ် ကင်းလှည့်ချိန်မှာ ကျည်အစစ်နဲ့ ပစ်ခတ်မှာဖြစ်ကြောင်း Facebook ဗီဒီယိုတိုက်ရိုက် (Live) ထုတ်လွှင့်ပြီး ခြိမ်းခြောက်ပြောဆိုထားတဲ့ "လုံခြုံရေးတာဝန်မှူး" ဆိုသူတစ်ဦးရဲ့ ဗီဒီယိုဖိုင်တစ်ဖိုင်  ဖေဖော်ဝါရီ ၂၂ ရက် မနေ့ညပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တာပါ။

“တွေ့တဲ့ကောင်ပစ်မယ်။ သံပုံးတီးတာနဲ့ ခေါင်းတည်ပစ်မယ်။ သံပုံးတီးတဲ့အိမ်လည်း ခေါင်းတည်ပစ်မယ်။ ဒါ အလကားသေနတ်တွေ မဟုတ်ဘူးနော်။ ၁ဝဝ ဖိုး ၃ လုံးဟာတွေ မဟုတ်ဘူး။ ဒီမှာကြည့် ကျည်အစစ်၊ ကျည်အမှန်တွေ…….”

"လုံခြုံရေးတာဝန်မှူး" ဆိုသူဟာ လက်နက်ငယ်တစ်လက်၊ ညကြည့်မှန်ပြောင်း တပ်ဆင်ထားတဲ့ M-14 မောင်းပြန်သေနတ်တစ်လက်ကို ကိုင်ဆောင်ပြသပြီး ကျည်ဆံအစစ်တွေ ထည့်ထားကြောင်း အကြိမ်ကြိမ် ပြောဆို ခြိမ်းခြောက်နေတာပါ။

ဒီဗီဒီယိုကို “ကို စစ် ကိုစစ်” အမည်ရှိတဲ့ Facebook အကောင့်က ထုတ်လွှင့်ခဲ့တာပါ။ ဒီအကောင့်မှာ ရေးသားတဲ့ ပို့စ်တွေကို ဖတ်ရှုကြည့်တဲ့အခါ… အကောင့်ပိုင်ရှင်ဟာ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲကာလမှာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ ရှိနေကြောင်း သိရပြီး၊ ဒီအကောင့်နဲ့ပတ်သက်နေသူ အများစုဟာ နေပြည်တော်ဝန်းကျင်က ဖြစ်တာကို တွေ့ရပါတယ်။

“ကို စစ် ကိုစစ်” အကောင့်မှာ တင်ထားတဲ့ ဓာတ်ပုံတွေထဲမှာ သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်တဲ့ တပ်သားတွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေ ကိုတွေ့ရပါတယ်။ ကွယ်လွန်သူ မမြသွဲ့သွဲ့ခိုင် အပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေ၊ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ရုပ်ရှင်နဲ့ အနုပညာ လောကသားတွေကို ရိုင်းရိုင်းပြပြ ရေးသားထားတာတွေလည်း တင်ထားပါတယ်။

ဒါ့ပြင် မွတ်ဆလင်ဆန့်ကျင်ရေး ရေးသားချက်၊ NLD အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲချက်တွေနဲ့ ရေးသားထားတဲ့ စာတွေ တင်ထားတာလည်း တွေ့ရပါတယ်။
ဒီဗီဒီယိုနဲ့ပတ်သက်လို့ RFA ပရိသတ်တွေကလည်း ဗီဒီယိုနဲ့ စာတွေ ပေးပို့လာတာတွေလည်း ရှိနေပါတယ်။

အခုလို live ထုတ်လွှင့်ပြီး သေနတ်ကိုင်ခြိမ်း‌ခြောက်ထားတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး Facebook ရဲ့ ပြောခွင့်ရသူကို ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ချက် မရသေးပါဘူး။

တပ်မတော်သားဝတ်စုံနဲ့ အများပြည်သူကို ခြိမ်းခြောက်တဲ့ ပို့စ်တွေ ဗီဒီယိုတွေ ရေးသားတင်နေတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်က သဘောထားကို သိနိုင်ဖို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ စစ်ကောင်စီအစိုးရ ဒုတိယပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ဒီလို အများပြည်သူကို ခြိမ်းခြောက်တာတွေနဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ Generation Z မျိုးဆက်တွေနဲ့အတူ လက်တွဲဆောင်ရွက်နေသူတစ်ဦးက အခုလို တုံ့ပြန်ပါတယ်။

“ကျမတို့အနေနဲ့ လတ်တလော တုံ့ပြန်ချင်တာကတော့ - လောလောဆယ် ဒီဗွီဒီယိုက ထွက်လာတာ နာရီပိုင်းပဲရှိသေးတဲ့အတွက် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာရှိနေတဲ့ Generation Z မျိုးဆက်ခေါင်းဆောင်တွေနဲ့ မဆွေးနွေးရသေးပါဘူး။ ကျမတို့ဘက်က တုံ့ပြန်မှုကတော့ ရှိလာပါမယ်။ လောလောဆယ်မှာတော့ ဒီဗွီဒီယိုတစ်ခုလုံးကို အင်္ဂလိပ်လို အစအဆုံး ဘာသာပြန်နေပါတယ်။ ဒီလို ခြိမ်းခြောက်နေပါတယ်ဆိုတာ ဒါ သက်သေတစ်ခုဖြစ်သွားပြီ။ ဘာသာပြန်ပြီးရင်တော့ ကမ္ဘာကသိအောင် ချပြသွားဖို့ စီစဉ်နေပါတယ်။ နိုင်ငံတကာသတင်းတွေမှာပါ ပါအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။”

RFA အနေနဲ့ ဒီဗီဒီယိုတင်တဲ့သူရဲ့ ကိုယ်ရေးအချက်အလက်နဲ့ လက်ရှိရာထူးကို ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။

RFA Burmese



ကျည်အစစ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာပျံ့နှံ့နေ ကျည်အစစ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်တဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာပျံ့နှံ့နေ Reviewed by THITHTOOLWIN on 08:10 Rating: 5

No comments:

Powered by Blogger.