နိုင်ငံအနှံ့ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု ပိုမိုအားကောင်းလာ




အာဏာသိမ်းစစ်အစိုးရက လူငါးယောက်ထက်ပိုမစုရလို့ အမိန့်ထုတ်ပြန်ထားပေမယ့် မြန်မာနိုင်ငံအနှံ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ မြို့နယ်အလိုက် သိန်းနဲ့ချီတဲ့လူတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုမိုကျယ်ပြန့်လာနေပြီး အစိုးရဝန်ထမ်းတွေ အမြောက်အများလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။

ဒီကနေ့မနက်ပိုင်းက မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဆန္ဒပြဖို့ထွက်လာတဲ့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ကို ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းလိုက်ပြီး ဆန္ဒပြကျောင်သားတွေ အပါအဝင် ဝန်းရံသူ ကိုးဦးတို့ကို ဖမ်းဆီးလိုက်ပြီး ညနေပိုင်းမှာတော့ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ဟာ အဖမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းခဲ့ကြပေမယ့် အဆင်မပြေ ခဲ့ကြလို့ သူတို့မလွတ်မချင်း မော်လမြိုင်မြို့၊ ဈေးကြိုအဝိုင်းမှာ ပြည်သူတွေထိုင်ပြီး သပိတ်မှောက်နေခဲ့ကြ တာပါ။

ရခိုင်ပြည်နယ် သံတွဲမြို့မှာလည်း ဒီကနေ့မနက်ပိုင်းက ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းလိုက်ပြီး တစ်ယောက်အဖမ်းခံထားရတယ်လို့ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ မဆောင်းနှင်းဝေ က ပြောပါတယ်။

ဒီနေ့မှာ ရန်ကုန်မြို့တွင်းက မြို့တော်ခန်းမရှေ့၊ လှည်းတန်းလမ်းဆုံ၊ မြေနီကုန်းလမ်းဆုံတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ နေရာ သုံးခုလုံးမှာ သိန်းချီရှိနေသလို ရန်ကုန်တိုင်းထဲက မြို့နယ်အလိုက်မှာ လည်း ဆန္ဒပြနေကြပါတယ်။

မန္တလေးမြို့မှာလည်း ဒီကနေ့ဆန္ဒပြနေကြရာမှာ အရင်နေ့တွေကလို သိန်းနဲ့ချီပြီးပြနေကြသလို လုံခြုံရေးရဲတွေ သိသိသာသာလျော့ကျသွားတာတွေ့ရပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်နဲ့ မန္တလေးမြို့တို့မှာ ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်လူစုခွဲပြီးတဲ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေချထားတာ လျော့ကျသွားပါတယ်။

ဒီကနေ့ ဖေဖေါ်ဝါရီ ၁၂ ရက်၊ စစ်အာဏာသိမ်း ၁၂ ရက်မြောက်တဲ့နေ့ နေပြည်တော်က ဝန်ထမ်းပေါင်းစုံ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ထူးထူးခြားခြား ရှေ့နေတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပညာရေး ဝန်ထမ်း အမြောက်အများ ပူးပေါင်းပါဝင်လာတာ တွေ့ရပါတယ်။

ဆန္ဒပြပွဲမှာပါဝင်တဲ့ ရှေ့နေတစ်ဦးက “တရားမဝင် စစ်အစိုးရကို ဆန့်ကျင်လို့ ဖမ်းဆီးခံရသူတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့အတွက် ဒီလှုပ်ရှားမှုမှာ ရှေ့နေတွေ ပါဝင်လာတာဖြစ်တယ်” လို့ ပြောပါတယ်။

အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုမှာပါဝင်တဲ့ ရာနဲ့ချီတဲ့ဝန်ထမ်းတွေဟာ၊ နေပြည်တော်က ဝန်ထမ်းအိမ်ရာ တွေဆီ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး၊ CDM လှုပ်ရှားမှုမှာ ဝန်ထမ်းအားလုံး ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းစည်းရုံးခဲ့ကြပါတယ်။

ဒီလိုလှည့်လည်စည်းရုံးတဲ့အထဲမှာ အဖြူအစိမ်းဝတ်ထားတဲ့ ပညာရေးဝန်ထမ်း ဆရာ/မတွေ အများအပြား ပါဝင်တာတွေ့ရပါတယ်။

နေပြည်တော် ရှစ်မြို့နယ်က ကျန်းမာရေးဝန်ထမ်းတွေကလည်း ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က ဇမ္ဗူသီရိ မြို့နယ်၊ ရွှေကြာပင်ရပ်ကွက်အတွင်း စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ နေပြည်တော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြသူတွေထဲမှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန နေ့စားဝန်ထမ်းကနေ လက်ထောက်ညွှန်မှူးအဆင့်ထိ လူဦးရေ ၁၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။

ရပ်ကွက်နေပြည်သူတွေကလည်း “လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းနဲ့ တစ်ဦးကိုတစ်ဦး စည်းလုံး ညီညွတ်စွာ ထောက်ခံအားပေးခြင်း” လို့ အဓိပ္ပါယ်ရတဲ့ အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတ အမှတ်အသား လက်သုံးချောင်း ထောင်ပြီး အားပေးတာကို တွေ့ရပါတယ်။

မြို့ကြီးတွေမှာ ဆန္ဒပြသူတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးပြီး ဆန္ဒပြနေကြသလို ကျန်တိုင်းနဲ့ ပြည်နယ်တွေ က မြို့တွေမှာလည်း ဆန္ဒပြကြတာတွေက လျော့ကျသွားခြင်းမရှိဘဲ ပြည်လုံးကျွတ်ဆန္ဒပြမှုတွေ နေ့စဉ် ဖြစ်ပွားနေတာပါ။





RFA Burmese
နိုင်ငံအနှံ့ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု ပိုမိုအားကောင်းလာ နိုင်ငံအနှံ့ စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှု ပိုမိုအားကောင်းလာ Reviewed by THITHTOOLWIN on 19:39 Rating: 5

No comments:

Powered by Blogger.