![]() |
ရန်ကုန်က ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ၈၀ ကျော် ထိန်းသိမ်းခံထားရ နေပြည်တော်မှာစောင့်နေတဲ့ ရဲကားတန်းကို ၂၀၂၁ ဖေဖော်ဝါရီ ၈ ရက်နေ့က တွေ့ရစဉ် / Photo: RFA |
ရန်ကုန်တိုင်းက ခရိုင်နဲ့မြို့နယ် ရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး စုစုပေါင်း ၈၀ ကျော်ကို မနေ့ကစပြီး ဘုရင့်နောင် စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားရာမှာ ဒီနေ့နေ့လည်အထိ ပြန်ခွင့်မပေး သေးကြောင်း ထိန်းသိမ်းခံရသူတွေက ပြောပါတယ်။
စစ်တိုင်းမှူးက မဲစာရင်းကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးစရာရှိလို့ဆိုပြီး ခရိုင်နဲ့မြို့နယ်တွေက ရွေးကောက်ပွဲ တာဝန်ရှိသူတွေကို ဘုရင်နောင်စစ်ကြောစခန်းမှာ မနေ့ကတည်းက ခေါ်ယူထားပြီး ဒီနေ့မနက်အထိ စစ်ဆေးတာမရှိသေးဘူးလို့ အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။
တိုင်းကော်မရှင်ဥက္ကဋ္ဌက ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားချက်နဲ့အတူ တိုင်းစစ်ဌာနချုပ် တာဝန်ရှိသူက ခေါ်ဆောင်ထားတာဖြစ်ပြီး တပ်ဘက်ကတော့ ဖမ်းဆီးတာမဟုတ်ဘဲ မေးမြန်းစရာရှိလို့ ခဏခေါ်ထားတာ ဖြစ်ကြောင်းနဲ့ ပူးပေါင်းပါဝင်ပေးဖို့ ပြောဆိုတယ်လို့လည်း ဦးခင်မောင်ဝင်းက ပြောပါတယ်။
လက်ရှိမှာ သူတို့ကို ဘုရင့်နောင် စစ်ကြောရေးစခန်းက ရိပ်သာတစ်ခုမှာထားပြီး ဖုန်းအသုံးပြုခွင့်အပါအဝင် ကောင်းကောင်းမွန်မွန်ထားကာ မိသားစုဆီကနေ လိုချင်တာမှာခွင့်ပေးထားပါတယ်။
မြို့နယ် ၄၅ မြို့နယ်ရှိတဲ့ ရန်ကုန်တိုင်းအတွင်း ခရိုင်နဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အတွင်း ရေးမှူး ၉၀ ကျော်ရှိရာမှာ ၈၀ ကျော်သာလာပြီး တချို့က လာရောက်တာမရှိဘူးလို့ သိရပါတယ်။ ဘယ်သူတွေ လာရောက်တာမရှိဘူးဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
အလားတူ မအူပင်မြို့မှာလည်း ခရိုင်နဲ့မြို့နယ် တာဝန်ရှိသူတွေကို ခလရ ၂၇ တပ်ထဲက ရိပ်သာတခုမှာထားပြီး ခုချိန်ထိ မေးမြန်းတာတွေမရှိသေးသလို့ ကောင်းကောင်းမွန်မွန်ထားတယ်လို့ မအူပင်ခရိုင် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း က ပြောပါတယ်။
အခြားတိုင်းနဲ့ ပြည်နယ်တွေက ရွေးကောက်ပွဲကော်မရှင် အရာရှိတွေကိုလည်း နီးစပ်ရာတပ်တွေမှာ စစ်ဆေးမေးမြန်းဖို့ မနေ့ကတည်းက ခေါ်ယူထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/military-detain-uec-member-02122021003803.html

No comments:
Post a Comment